သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြဿနာ အာဆီယံပဋိဉာဉ် အရ ကိုင်တွယ်မည်


မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဒေသတွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးက စိုးရိမ်မကင်း ဖြစ်နေကြပြီး လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ပေးဖို့ဆိုတဲ့ အာဆီယံပဋိဉာဉ်စာတမ်း အခြေခံမူအရ မြန်မာ့အရေးကို ဝိုင်းဝန်း တိုင်ပင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဒေသတွင်း ရိုက်ခတ်နေတဲ့ ရိုဟင်ဂျာ ပြဿနာကို ကိုင်တွယ်ရာမှာ အာဆီယံအသိုင်းအဝိုင်းအနေနဲ့ မဟုတ်ဘဲ လူလူချင်း ဒုက္ခရောက်နေသူတွေကို ကယ်တင်ကြဖို့ တာဝန်ရှိပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် (Dr. Surin Pitsuwan) ကပြောဆိုလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာပြည်တွင်းက လူ့အခွင့်အရေး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဒေသတွင်း လူထုလူတန်းစား အလွှာ အသီးသီးက စိုးရိမ်မကင်း ဖြစ်နေကြပြီးတော့ တကယ်စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်း ပေါ်ကို အမြန် ရောက်ရှိရေး မျှော်လင့်နေကြတယ် ဆိုတာကို အာဆီယံအသင်းကြီးအနေနဲ့ အသိအမှတ်ပြုတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

“အာဆီယံ ဒေသတဝှမ်းလုံးမှာရှိတဲ့ပြည်သူတွေက စိုးရိမ်မကင်းဖြစ်နေကြသလို အာဆီယံ လွှတ်တော်အမတ်တွေကလည်း စိုးရိမ်နေကြပါတယ်။ မီဒီယာသတင်းလောက ကနေလည်း မြန်မာ့အရေးကို စိုးရိမ်မကင်း ဖြစ်နေရတာတွေကို ထုတ်ဖော်ရေးသားနေတာ တွေ့ရပါတယ်။ အသိပညာရှင်တွေ အစိုးရမဟုတ်တဲ့ အဲန်ဂျီအိုအဖွဲ့တွေကလည်း အသံတွေ ကြားနေရတာပါ။ အခု အာဆီယံ ဟာ ခေတ်သစ်တခုကို ပြန်လည်ဆန်းးသစ်နေပြီဆိုတော့ အရှိန်အဟုန် မြှင့်ပြီးတော့ အာဆီယံ အသင်းသူအသင်းသားတွေကြားထဲမှာ စိုးရိမ်မကင်း ဖြစ်ရတာတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်ကြတော့မှာ ဖြစ်ပါတယ်။”

အသင်းဝင် ၁၀ နိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အာဆီယံ ပဋိဉာဉ်စာတမ်းပါ အာဆီယံပြည်သူတွေရဲ့ အခွင့်အရေးတွေကို အားလုံးလေ့လာဖို့ လိုပြီးတော့ အားလုံး တန်းတူ အသုံးချပိုင်ခွင့်ရှိတာမိုလို့ အရင်တုန်းကလို အာဆီယံဟာ သံတမန်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေကိုပဲ ကိုယ်စားပြုတဲ့အသင်း မဟုတ်တော့ဘဲနဲ့ ပြည်သူတွေကို အခြေခံတဲ့ ပြည်သူတွေအတွက် အာဆီယံအသင်းကြီး ဖြစ်ပါတယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒါကြောင့် မြန်မာ့အရေးကို စိုးရိမ်စိတ်နဲ့ တင်ပြ လာကြတယ်ဆိုရင် ပဋိဉာဉ်စာတမ်းနဲ့အညီ ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် က ပြောဆိုသွားပါတယ်။

“ဘာပြဿနာပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် အာဆီယံရဲ့ ပဋိဉာဉ်နဲ့အညီ ကိုင်တွယ်သွားမယ်။ ဘယ်ပြဿနာပဲဖြစ်ဖြစ် ပဋိဉာဉ်နဲ့ ကိုင်တွယ်ခြင်းဖြင့် တရားဝင်မှု ရှိမှာပါ။ အာဆီယံဝန်ကြီးတွေ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ဒီပဋိဉာဉ်ကို ကိုင်ပြီးတော့ ကိုယ့်ရဲ့ လုပ်ရပ်တွေကို သုံးသပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အရင်တုန်းကလို ဒေသတွင်း အသင်းရယ်လို့ မဟုတ်တော့ဘဲ လူထုစိုးရိမ်မကင်း ဖြစ်ရတာတွေကို တင်ပြလို့ ရကြမယ့် ဒေသတွင်း လူ့ဘောင် လူထုအသိုင်းအဝိုင်းကို ထူထောင်သွားကြမှာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေးပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ရေးပဲ ဖြစ်ဖြစ်၊ အကုန်လုံးခြုံငုံလို့ရတဲ့ ဒီမိုကရေစီရေးပဲ ဖြစ်ဖြစ် ဒီပဋိဉာဉ်ကို အခြေခံပြီး ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒေသတွင်းမှာ ရိုက်ခတ်နေတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အရေးနဲ့ ပတ်သတ်ပြီးလည်း အားလုံးအနေနဲ့ လူလူချင်း စာနာမှုနဲ့ ကူညီဖို့ ဝတ္တရားရှိတယ်လို့ ပြောပါတယ်။ ဒါဟာ ဘာသာရေး ပြဿနာကို ပြောနေတာမဟုတ်သလို ယဉ်ကျေးမှု ပြဿနာကို ပြောနေတာလည်း မဟုတ်ပါဘူး၊ စီးပွားရေး အကျပ်အတည်းကြောင့် ဆိုတာကိုလည်း ထည့်ပြောနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ထောင်နဲ့ချီတဲ့လူတွေ ပင်လယ်ထဲမျောနေကြတာ ပြဿနာပါပဲလို့ ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် က ပြောပါတယ်။

“ဒီ ရိုဟင်ဂျာပြဿနာကို အာဆီယံအနေနဲ့ တာဝန်ယူရတဲ့သဘော မဟုတ်သလို ထိုင်းနိုင်ငံ အနေနဲ့သော်လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံအနေနဲ့သော်လည်းကောင်း တာဝန်ယူဖို့မဟုတ်ဘဲနဲ့ လူသားတွေအနေနဲ့ တာဝန်ယူဖို့လို့ ပြောပါရစေ။ ဒုက္ခရောက်နေတဲ့သူတွေကို လူသားတွေရယ်လို့ စာနာစိတ်နဲ့ ကူညီကြဖို့ဟာ လူ့ဂုဏ်သိက္ခာနဲ့လည်း ညီပါတယ်။”

ရှေ့သီတင်းပတ်အတွင်းမှာ ကျင်းပတော့မယ့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ အကြိုအနေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးစိုက်ရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ပစ်ဆူဝမ် က ဗွီဒီယို ကွန်ဖရင့်စ် နဲ့ လူထုကို ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG