သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယခုအချိန်ထိ လွတ်လာသမျှ နိုင်ငံရေးအကျဉ်းသားနဲ့ သံဃာတော်တချို့ပါဝင်


ဒီကနေ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက စစ်အစိုးရ လွှတ်ပေးလိုက်တဲ့အထဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သံဃာတော်တွေနဲ့ မယ်သီလရှင်တစ်ပါး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၀ ဦးကျော်လောက် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ လွတ်မြောက်လာတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ စမ်းချောင်းမြို့နယ် အဲန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးသက်ေ၀ က အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်သား အားလုံးကိုလည်း လွှတ်ပေးဖို့ လိုလားပြီးတော့ အကျဉ်းထောင်တွင်းက အခြေအနေ ဆိုးရွားမှုအကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မအေးအေးမာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြန်လွတ်လာတဲ့ လူတွေထဲမှာ မြစ်ကြီးနားထောင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အင်းစိန်ထောင်ကဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်မြို့နယ် ဥက္ကဌ ဦးသက်ဝေ၊ ၂၀၀၃ ခုနှစ် ကတည်းက ဖမ်းဆီးခံထားရတဲ့ သံဃာတော် ၇ ပါးနဲ့ မြို့တော်ခမ်းမရှေ့မှာ ဖမ်းဆီးခံရတဲ့ မယ်သီလရှင် ၁ ပါး နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးပေါင်း ၁၂ ဦးလို့ သိရပါတယ်။ ဒီအထဲမှာ ရခိုင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့က ခိုင်ဘမြင့်၊ ဗကသ များအဖွဲ့ချုပ်က ကိုထွန်းဇော်ဌေး ခေါ် ကိုထွန်းထွန်း တို့လည်း ပါဝင်ပါတယ်။ ပြန်လွတ်လာတဲ့ အခြေအနေကိုတော့ ဦးသက်ေ၀ က အခုလို ရှင်းပြပါတယ်။

“သူတို့ကတော့ အကျဉ်းထောင်လက်စွဲ ဥပဒေပုဒ်မ (၄၀၁/၁) အရ လွတ်ငြိမ်းချမ်းသာ နဲ့ ပြန်လွှတ်ပေးတယ်လို့ ကျနော့်ကို ပြောပါတယ်။ ဒီအပေါ်မှာကတော့ အခုလို လွှတ်ပေးတယ်ဆိုတာကတော့ ကြိုဆိုရမှာပေါ့ဗျာ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာလည်း အများကြီး ကျန်နေသေးတယ်။ အဲဒါတွေလည်း ဆက်ပြီးတော့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဆက်ပြီးတော့ လွှတ်ပေးစေချင်တယ်ပေါ့ဗျာ။”

အင်းစိန်ထောင်တွင်းက အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လို ရှိပါသလဲ ဆိုတာကိုလည်း မေးမြန်းကြည့်ခဲ့ပါတယ်။

“ကျန်းမာရေး ဆေးဝါးကုသမှုကိစ္စကတော့ အားနည်းတယ်ဗျာ။ အခုဟာက တိုက်ထဲမှာက လမ်းလျှောက်ဖို့အချိန်ကလည်း နည်းပါးတယ်။ လမ်းလျှောက်ဖို့အချိန် နည်းပါးတဲ့အပြင်ကို လမ်းလျှောက်ဖို့အချိန်က နည်းပါးတဲ့အတွက် မဆင်းလို့ ဆိုပြီးတော့ လမ်းမလျှောက်ကြလို့ ဆိုပြီးတော့ တိုက်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊ ဒီ (၁) တိုက်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နောက်ထပ်ပေါ့ဗျာ အကျဉ်းပိတ်လိုက်တယ်။ အကျဉ်းပိတ်လိုက်တယ် ဆိုတာက နောက်ထပ်ပေါ့ဗျာ။ ၁၀ ပေ ပတ်လည်ပေါ့ အဲဒါ အကျဉ်းပိတ်လိုက်တယ်။ ရေချိုးလည်း ပိတ်ထားတယ်။ ဒီနေ့ပဲ ကျနော် ထောင်အာဏာပိုင်နဲ့ တွေ့ပြီးတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြစ်မှုကျူးလွန်တာ ထောင်ဥပဒေတွေ ချိုးဖောက်တာ မရှိတဲ့အတွက် ဒီကိစ္စကို ဒီလို အကျဉ်းပိတ်တဲ့ကိစ္စဟာ မသင့်တော်ဘူး။ ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်နိုင်တယ် ဆိုပြီး ကျနော် တင်ပြထားခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ သူတို့က ခံဝန်လက်မှတ် ရေးထိုးမှ ဒီ အကျဉ်းပိတ်တာကနေ ပြန်ပြီးတော့ ဖွင့်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒါ ထောင်အာဏာပိုင် ဦးခင်မောင်ကြည် ကနေ ပြောတာပေါ့ဗျာ။”

အလားတူပဲ ၂၀၀၃ ခုနှစ်ကတည်းက ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သံဃာ ၇ ပါးထဲကတော့ ပုဒ်မ (၅/ည)၊ ပုဒ်မ (၆/က)၊ ပုဒ်မ (၂၉၅) စတဲ့ ပုဒ်မတွေနဲ့ သူတို့ဟာ ထောင်ချခံရတာဖြစ်ပြီး ဒီအထဲက တချို့ဟာ ၂၀၀၃ ခုနှစ်က သံဃာတွေ ညမထွက်ရ ဆိုတဲ့အချိန်မှာ တိုင်းမှူးလာတဲ့အချိန် သူတို့ ဖမ်းဆီးခံရတာ ဖြစ်ကြောင်း ပြန်လွတ်လာတဲ့ သံဃာတွေရဲ့ စာရင်းနဲ့အတူ သူတို့ရဲ့ အခြေအနေကို အခုလို ရှင်းပြပါတယ်။

“နိုင်ငံတော်ပိုင် ယာဉ်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှုပေါ့။ တိုင်းမှူး မြင့်ဆွေ ကားနဲ့ လုံခြုံရေးကားကို ကျနော်တို့ ခဲ နဲ့ ပစ်ပေါက်မိလို့ပါ။ ကျော်မိုး (ခ) ဦးသိရိန္ဒ ဝံသမေဒနီ စာသင်တိုက်ကပါခင်ဗျာ။ ထွန်းထွန်း (ခ) ဦးဓမ္မိကကလည်း ဝံသမေဒနီ ကျောင်းတိုက်ကပါပဲ ခင်ဗျာ။ မောင်ဇော် (ခ) ဦးတိခ္ကဝိန္ဒြာယ၊ သူက ရွှေတောင်ကျောင်းတိုက်ကပါခင်ဗျာ စမ်းချောင်း ရွှေတောင် ကပါခင်ဗျ။ ကျော်မင်းသက် (ခ) ဦးကေသရ ကလည်း ရွှေတောင်ကပါပဲခင်ဗျာ။ အေးထွန်းသာ (ခ) ဦးအင်္ဂုရ က စန္ဒသူရိယကျောင်း ရန်ကင်းကပါခင်ဗျာ။ အောင်ကိုကို (ခ) ဦးအာဒိစ္စ၊ မင်းဇော်အောင် (ခ) ဦးမကိန္ဒ က ခရမ်းမြို့နယ် ကိုင်းကုန်း ကျောင်းတိုက်ကပါ ခင်ဗျာ။”

ဒါကတော့ ပြန်လွတ်လာခဲ့တဲ့ သံဃာ ခုနှစ်ပါးထဲက တစ်ပါး ပြောကြားသွားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG