သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဒေါက်တာ ဇော်မြင့်မောင် လွတ်မြောက်


မြန်မာနိုင်ငံ မှာ အကျဉ်းသားပေါင်း ၆,၃၀၀ ကျော် ကို လွှတ်လိုက်တဲ့အထဲမှာ အမရပူရ လွှတ်တော် အမတ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၀ ယောက်ကျော် ပါဝင်ခဲ့တယ် လို့ အခုထိ သိရှိထားပါတယ်။ ယခင်တစ်ခေါက် အကျဉ်းသား ၉,၀၀၀ ကျော် လွှတ်တုန်းကတော့ နိုင်ငံရေး အကျဉ်းသား ၆ ယောက်ပါဝင်ခဲ့ပါတယ်။ အစိုးရ က နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် လွှတ်လိမ့်မလဲ ဆိုတာ ကို ကမ္ဘာ က စောင့်ကြည့်နေကြပါတယ်။ ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ရွေးကောက်ခံရတဲ့ အမတ်တွေ ထဲမှာ ၁၉၉၀ ခုနှစ်ကတည်း က နှစ်ပေါင်း ၁၈ နှစ်ကျော် တောက်လျှောက် အကျဉ်းသက်တမ်း အရှည်ဆုံး အမတ် အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ကို စစ်အစိုးရ က လွှတ်ပေးလိုက်ပါပြီ။

ဒေါက်တာဇော်မြင့်မောင် ကို ပြည်ပမှာ စင်ပြိုင် အစိုးရဖွဲ့ဖို့ ကြိုးစားရာမှာ ဦးဆောင် သူ တစ်ယောက်အဖြစ် စစ်အစိုးရ က သတ်မှတ်ပြီး၊ ထောင်ဒဏ်၂၅ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထောင်တွင်း လူ့အခွင့်အရေး အခြေအနေတွေ ကို ရေးသားခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇို ယိုကိုဒါ ဆီ ကို ပေးပို့ရာမှာ ပါဝင်ခဲ့တယ်လို့ ထပ်မံ စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံထားရတာပါ။

ဒေါက်တာဇော်မြင့်မောင် လွတ်လာတာ နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေ က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“တကယ်လွတ်သွားပြီ။ ၄ နာရီ ခွဲလောက်ကျတော့ သတင်းတွေက ကြားနေပေမယ့် ၃ နာရီ ကျော်ကျော်လောက်ကျတော့ ထောင်ပြင်ကို ထုတ်နေပြီ။ ကားစီစဉ်ထားတယ်ဆိုတာ သိပေမယ့် အန်တီတို့က တရားဝင် ဖြစ်အောင်လို့ပေါ့နော်၊ ထောင်ကို ဖုံးဆက်မေးကြည့်လိုက်တော့ အဲဒီ ၄ နာရီခွဲလောက်ကျတော့ ထောင်ကနေပြီးတော့ - ဟုတ်ကဲ့၊ လွတ်သွားပါပြီလို့ ပြောလိုက်တယ်။ ဘယ်မှာထားလဲ ဆိုတာကိုတော့ သူတို့က မပြောဘူးလေ။ ဖုန်းကို ချပစ်လိုက်တယ်။ အဲဒါနဲ့ ဘယ် ဆက်ရမှန်းတော့မသိဘူးပေါ့နော်။ ဘယ်ရောက်နေမှန်းလဲ မသိဘူး။ အဲဒီအချိန်မှာ မိုးညင်း က ဦးရွှေစိန် ကလည်း ပါတယ်။ သူ့သမီးလေးကနေပြီးမှ ဆက်တာ။ အဖေ တို့တဲ့ ဟင်္သာ တည်းခိုခန်း၊ မြစ်ကြီးနားမှာ ရောက်နေတယ်တဲ့။ သူနဲ့ အဖေနဲ့ စကားပြောပြီးပြီပေါ့။ ဦးဇော် လည်းပါတယ်ဆိုတာနဲ့။ ကျမတို့က အဲဒီ ဟင်္သာတည်းခိုခန်းကို ဆက်လိုက်တော့ အဲဒီ ဦးဇော်နဲ့ တွေ့ရတယ်ရှင့်။ လောလောဆယ်တော့ သူ နေကောင်းပါတယ် ဆိုတဲ့အကြောင်းပေါ့နော်။ မနက်ဖြန်ကို သူတို့ မီးရထားနဲ့ပဲ စီစဉ်ပေးလိမ့်မယ် ထင်တယ်ပေါ့လေ။ အဲဒီလိုပဲ ပြောပါတယ်။ အခုတော့ အက်စ်ပီ က ဆိုလားပဲ ခဏ ဆိုပြီးတော့ ခေါ်သွားတယ်တဲ့။ ကျမတို့ကတော့ မျှော်လင့်ထားတဲ့နေ့ ရောက်လာတာပေါ့နော်။ အဲဒါအတွက် ဝမ်းသာတာပါပဲ။ ဒါပါပဲ။”

အခုလို လွှတ်လိုက်တဲ့ အထဲ မှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှယောက်ပါဝင်မယ် ဆိုတာ ကို အမေရိကန် နိုင်ငံ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ကို စဉ်းစားကြမယ့်သူတွေကလည်း စောင့်ကြည့်နေကြမှာပါ။ အာရှ နိုင်ငံ ခရီးအတွင်း မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလရီ ကလင်တန် က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ရဲ့ မူဝါဒ ကို ပြန်လည် သုံးသပ်မယ်လို့ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံ မှာ အပြုသဘော ပြောင်းလာအောင် ဘယ်လို အကောင်းဆုံး ဆောင်ရွက်နိုင်မလဲ” ဆိုတဲ့ စိတ်ကူး အယူအဆတွေ ကို အမေရိကန် နိုင်ငံ ဟာ ဒေသတွင်း နိုင်ငံတွေ နဲ့ နီးနီးကပ်ကပ် လုပ်ဖို့ စီစဉ်ထားပါတယ်လို့ မစ္စကလင်တန် က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ် အယ်ဒီတာကတော့ “မူဝါဒ ပြန်လည် သုံးသပ်ရာမှာ အစစ်အမှန် လက်တွေ့ကျဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လာသူတွေ ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ ကတော့ ဝမ်းသာနေကြပါတယ်။ ခရမ်းမြို့နယ် အမတ် ဦးကျော်သွင် ဟာ ဒေါက်တာ ဇော်မြင့်မောင် နဲ့ တိုက်ထဲမှာ အတူနေခဲ့တဲ့ သူ ပါ။

“ကျနော်က ကိုကြီးဇော်လို့ အမြတ်တနိုး ချစ်ချစ်ခင်ခင်နဲ့ ခေါ်ရတဲ့ အစ်ကိုကြီးတယောက် ဒီနေ့ပဲ လွတ်လာတာကို ကျနော် သိရတဲ့အခါမှာ မျက်ရည် လည်လောက်အောင်၊ မျက်ရည်ကျလောက်အောင် ကျနော် ဝမ်းသာပါတယ်။”

ဦးကျော်သွင် လို နိုင်ငံရေး အကျဉ်းသားတွေ ရဲ့ မိသားစုတွေ နဲ့ မိတ်ဆွေတွေသာ မကပါဘူး။ ကုလသမဂ္ဂ ကလည်း မစ္စတာ ဂမ်ဘာရီ ဟာ လက်ချည်းဗလာ ပြန်လာခဲ့ရတယ်လို့ မီဒီယာတွေ က အရေးခံနေရတဲ့ ကုလသမဂ္ဂ ကလည်း အခုလို လွှတ်လိုက်တဲ့ အကျဉ်းသားတွေ ထဲ မှာ နိုင်ငံရေး အကျဉ်းသမား ဘယ် နှယောက် ပါမလဲ စောင့်ကြည့်နေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာလည်း မြန်မာနိုင်ငံ ကို သွားရောက်ဖို့ ဖိအား အပေးခံနေရပါတယ်။

ဒါပေမဲ့ အဲဒီလို သွားဖို့ ဆိုရင်၊ မြန်မာ စစ်အစိုးရ က လာမယ့် လတွေ မှာ လာထိုက်ကြောင်း အချက်ပြဖို့ လိုလိမ့်မယ်လို့ မစ္စတာ ဂမ်ဘာရီ က သတင်းထောက်တွေ ကို ပြောပါတယ်။ “အခုလို အကျဉ်းသမားတွေ ကို လွှတ်လိုက်တာ အထူးသဖြင့် နိုင်ငံရေး အကျဉ်းမားတွေ ကို လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်။

အဲဒီလို ကြိုဆိုတာ ဟာလည်း မျှတရာရောက်တယ်လို့ ကျွန်တော်ယူဆပါတယ်။” လို့ အိန္ဒိယ နိုင်ငံ မှာ ထုတ်ဝေတဲ့ The Hindu သတင်းစာ ကို မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။ လွှတ်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား က ၁၀ ယောက်ကျော်ပဲ သိရပါသေးတယ်။ နိုင်ငံရေး အကျဉ်းသမား လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်လို့ ပြောရာမှာတောင် အဲသလို ကြိုဆိုတာ က မျှတပါတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကတောင် ဆင်ခြေပေးနေရရှာတဲ့ အဖြစ် ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG