သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မိုင်းတွင်းပေါက်ကွဲမှု လူ ၇၃ဦးသေဆုံး


တရုတ်နိုင်ငံက ကျောက်မီးသွေး တွင်းတခုမှာ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်တာကြောင့် ကျောက်မီးသွေးတွင်း လုပ်သား (၇၃) ဦးသေဆုံးပြီး ဒါဇင်နဲ့ချီလုပ်သားအချို့ မိုင်းတွင်းထဲ ပိတ်မိနေဆဲရှိပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ဇီပြည်နယ်က မိုင်းတွင်းတခုမှာ ဒီကနေ့ မနက်ပိုင်း ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ကြေညာပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ မိုင်းတွင်းထဲ မိုင်းလုပ်သား (၄၃၆) ဦးရှိနေပြီး၊ အများစုကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆင်ဟွာသတင်းက ရေးပါတယ်။

(၁၁၃) ဦးကို ဆေးရုံတင်ထားရပြီး အဲဒီအထဲ (၂၁) ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။ ဒီမိုင်းတွင်းကို Shanxi Jiaomei Group က နေ တာဝန်ယူလုပ်ကိုင်နေတာဖြစ်ပြီး၊ တနှစ်ကို ကျောက်မီးသွေး တန် ၅သန်း ထုတ်လုပ်ပါတယ်။ အရင်တုန်းကတော့ ဒီမိုင်းတွင်းမှာ အလားတူ ပျက်စီးထိခိုက်မှုမျိုး မဖြစ်ခဲ့ဖူးပါဘူး။

တရုတ်နိုင်ငံမှာ မိုင်းတွင်းအတော်များများဟာ လုံခြုံဘေးကင်းရေးစံနှုန်း သတ်မှတ်ချက်မပြည်မီတာ၊ အချို့မိုင်းတွင်းတွေဟာ တရားမဝင် လုပ်ကိုင်နေတာတွေကြောင့် မကြာခဏဆိုသလို မိုင်းတွင်း ထိခိုက်ပေါက်ကွဲမှုတွေ ပြိုကျမှုတွေဖြစ်ပြီး လူအသေအပျောက်ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG