သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းထောင်အတွင်း အခြေအနေ မတိုးတက် (နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင် အင်တာဗျူး)


မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက လူ့အခွင့်အရေး
အခြေအနေတွေဟာ သိသိသာသာ တိုးတက်လာမှု မရှိ
ဘူးလို့ စနေနေ့က ပြန်လွတ်လာတဲ့ အန်န်အယ်လ်ဒီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမရပူရမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာဇော်မြင့်မောင်က ပြောလိုက်ပါတယ်။
၁၉၉၀ ခုနှစ်ကတည်းက ရန်ကုန် အင်းစိန်ထောင်နဲ့
မြစ်ကြီးနားထောင်တွေမှာ ပြောင်းရွှေ့အကျဉ်းချခံခဲ့ရ
တဲ့ ဒေါက်တာဇော်မြင့်မောင်က ပြန်လည်လွတ်မြောက်
လာချိန်မှာ အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ၁၈ နှစ်
လုံးလုံး အကျဉ်းထောင်ထဲမှာ နေခဲ့ရပြီး အခုတော့
နေအိမ်ကို ပြန်ရောက်နေပြီဖြစ်တဲ့ ဒေါက်တာ
ဇော်မြင့်မောင်ကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ထောင်ထဲကလွတ်လာချိန်မှာ ထူးထူးခြားခြား ဘာတွေကို သတိပြုမိသလဲလို့ စမေး
ကြည့်တော့ ဒေါက်တာဇော်မြင့်မောင်က အခုလိုဖြေပါတယ်။

“ပြောရရင် အန်ကယ်က အထဲမှာနေခဲ့တာ အားလုံးပေါင်း ၁၈ နှစ်နဲ့ ၃ လဆိုတော့
ချက်ချင်း အပြင်လည်း ပြန်ထွက်လိုက်ရရော ပတ်ဝန်းကျင်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ
သိသိသာသာ ပြောင်းလဲသွားတာတော့ သိလိုက်ရတာပေါ့။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ
ပြောင်းလဲမှုဆိုတာကတော့ အချိန်နဲ့ ကာလနဲ့အညီ ပြောင်းလဲနေတာပဲလေ။ စိတ်ပိုင်း
ဆိုင်ရာ ဘယ်လောက်ပြောင်းလဲသလဲဆိုတာတော့ အန်ကယ် လေ့လာရဦးမယ်နဲ့
တူတယ်။

“လူတွေရဲ့ Inclination ဘယ်ဘက်လှည့်နေတယ်၊ ဘယ်ဘက် Tendency လှည့်နေ
တယ်ဆိုတာတွေတော့ အန်ကယ် ကြည့်ရဦးမယ်ထင်တယ်။ သူတို့ နိုင်ငံရေးကို
စိတ်ဝင်စားနေသေးလား၊ စိတ်မဝင်စားတော့ဘူးလား၊ ၁၉၉၀ ရွေးကောက်ပွဲကို သူတို့
မေ့သွားပြီလား။ အဲဒါမျိုးတွေ အန်ကယ်သိချင်တာပေါ့။ ချက်ချင်းလက်ငင်းကြီးတော့
ပြောလို့မလွယ်ဘူးထင်တယ်။”

ထောင်ထဲမှာ အန်ကယ် ၁၈ နှစ်နေခဲ့ရတဲ့ ကာလအတွင်းမှာ အပြင်မှာဖြစ်နေတဲ့
အခြေအနေတွေကို ဘယ်လောက်အထိ သိခွင့်ရခဲ့ပါသလဲ။

“အပြင်မှာဖြစ်နေတဲ့ အခြေအနေတွေကို ထောင်ထဲမှာဆိုတော့ မီဒီယာက တဆင့်ပေ့ါ
နော်။ မီဒီယာဆိုတာလည်း ပြည်တွင်းကထုတ်တဲ့ မဂ္ဂဇင်းတို့၊ ဂျာနယ်တို့အရပဲ သိရတာ
ကိုး။ အဲဒါတွေကလည်း ဆင်ဆာနဲ့ဘာနဲ့ဆိုတော့ အန်ကယ် ဘယ်လောက်သိနိုင်မလဲ
ဆိုတာ မသိဘူး။ သတင်းစာတော့ ဖတ်ခွင့်ရှိတာပေါ့။ အဓိက Weekly ဂျာနယ်တွေကို
အန်ကယ် လိုက်ဖတ်တာပေါ့။ အဲဒီလောက်ကပဲ သိရတာပေါ့။ အားလုံးကိုခြုံပြီး မမြင်
နိုင်ဘူးထင်တာပဲ၊ ဂျာနယ်တွေကလည်း အပြည့်အစုံ မရေးနိုင်ဘူးနဲ့ တူပါတယ်။”

အန်ကယ့်အနေနဲ့ ထောင်တခုမက နေခဲ့ရတဲ့အခါကြတော့ ထောင်တွေထဲက အခြေ
အနေရော အန်ကယ် ဘယ်လိုသုံးသပ်ပါသလဲ။

“ထောင်တွေထဲက အခြေအနေကို သုံးသပ်ရင်တော့ အရှည်ကြီးပဲ။ အိုင်စီအာစီ
မဝင်ခင်၊ အိုင်စီအာစီ ဝင်ပြီးသွားတဲ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီး ပြောရမှာလေ။
ထောင်တွင်းအခြေအနေကို ယေဘုယျ ခြုံပြောရရင် ထောင်ဆိုတာတော့ အပြင်နဲ့
စာရင် လွတ်လပ်မှုအားလုံး ဆိတ်သုဉ်းသွားတဲ့နေရာပဲလေ။ ပြောချင်တဲ့စကားလည်း
မပြောရဘူး၊ စားချင်တဲ့အစားလည်း မစားရဘူး၊ နေချင်သလိုလည်း မနေရဘူး။ ပြောရ
ရင်တော့ သူတို့ ထောင်ဥပဒေအတိုင်း ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့ဆိုတဲ့ပုံစံမျိုး
ဖြစ်သွားတာပေါ့။ လွတ်လပ်မှုဆိတ်သုဉ်းနေတဲ့နေရာကို ထောင်လို့ခေါ်တာပဲလေ။”

အန်ကယ် ထောင်ကျပြီးမကြာခင် ထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်တာတွေ
အကြောင်း ကုလသမဂ္ဂကတဆင့် သိအောင်လုပ်ခဲ့လို့ ထောင်ဒဏ်တိုးချတာ ခံခဲ့ရ
တယ်။ အခု အန်ကယ် ပြန်လွတ်လာပြီဆိုတော့ ထောင်ထဲမှာဖြစ်နေတဲ့ အခြေအနေ
တွေရော အရင်တုန်းကလိုပဲ ပြောဖို့အစီအစဉ် ရှိပါသလား။

“အဲဒါက မေးတဲ့လူအပေါ်မှာ မူတည်ပြီးတော့ အန်ကယ့်အဖြေက ထွက်လာမှာပဲ။
သိချင်တာက လူ့အခွင့်အရေး အခြေအနေ တိုးတက်လာလား၊ ဆုတ်ယုတ်သွားလား
ဆိုတာလား။ ဒီမှာ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ လာနေတာပဲ မဟုတ်လား။
ဥပမာ အန်ကယ်စမီတာ ယိုဇိုယိုကိုတာက စမီလိုက်တာပဲ။ အခုဆိုရင် တောမတ်စ်
အိုဟေး ကင်တားနားအထိ။ အဲတော့ အဲဒီကြားထဲ လာနေတာတွေ အကြိမ်ပေါင်း
ဘယ်လောက်ရှိပြီလဲ။ ၉၂ ခုနှစ်ကတည်းက။ အန်ကယ်ထင်တာ Very Significant
Changes တော့ မတွေ့ဘူး။ သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ထောင်ထဲမှာ ပြောင်းလဲ
လာသလားဆိုရင် မပြောင်းလဲဘူးလို့ ပြောရမှာပဲ။”

ရှေ့နှစ်ကျရင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ အန်ကယ်
ကြားမိမယ်ထင်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့
ဒီအပေါ်မှာ ဘယ်လိုသဘောထားပါသလဲ။

“ဒီမိုကရေစီဖြစ်စဉ်မှာ အန်ကယ်ဝင်လာတယ်ဆိုတာက အန်ကယ်တို့နိုင်ငံမှာ ဒီမို
ကရေစီ ရချင်လို့ဆိုပြီး အန်ကယ် ဝင်လာတာပါ။ အန်ကယ့်ကိုယ်ကျိုး မပါပါဘူး၊ အတ္တ
မပါဘူး။ အန်ကယ်တို့တိုင်းပြည်မှာလည်း လိုအပ်နေပြီလို့ ယူဆတာပေါ့၊ ဒီမိုကရေစီ
ဖြစ်ပေါ်ဖို့။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင်တော့ အန်ကယ်တို့ ဒီမိုကရေစီ
လိုနေပြီဆိုတာတော့ သိတယ်။ အဲတော့ ၉၀ ရွေးကောက်ပွဲမှာ အန်ကယ်က ပြည်သူ
တွေရဲ့ Man Date ကို ရထားတာပေါ့။ ဒီ Mandate ကို အန်ကယ် တန်ဖိုးထားတယ်။

“ဒီ ၉၀ ရွေးကောက်ပွဲကိုမှ အန်ကယ်တို့က ဘာမှ ရေရေရာရာ မသိရဘဲနဲ့ အခုလာမယ့်
၂၀၁၀ ရွေးကောက်ပွဲကို အန်ကယ် ဘယ်လိုသဘောထားမလဲဆိုရင် ၉၀ ရွေးကောက်
ပွဲကိုပဲ အန်ကယ့်စိတ်ထဲမှာ ရှိနေသေးတယ်။ ပြည်သူတွေကပေးထားတဲ့ Man Date ကို
အန်ကယ်ကိုင်ထားသေးတယ်။ အန်ကယ် Committed ဖြစ်ထားတယ်။ အဲဒီအတွက်
လောလောဆယ်မှာ အန်ကယ့်အနေနဲ့ ၂၀၁၀ အကြောင်းကို မစဉ်းစားသေးဘူး။ ဒါ
အန်ကယ့်သဘောထားကို ပြောတာပါ။ အန်ကယ် အန်န်အယ်လ်ဒီဗဟိုနဲ့လည်း
မဆက်သွယ်ရသေးဘူး။ အန်ကယ်က အန်န်အယ်လ်ဒီဖြစ်တဲ့အတွက် သူ့ရဲ့အလံတော်
အောက်မှာဆိုရင် သူ့ရဲ့ အခြေခံအချက်တွေကိုလည်း အန်ကယ်လေးစားရဦးမှာကိုး။”

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ပြောပြသွားတာ ဖြစ်ပါတယ်။ ဒေါက်တာ
ဇော်မြင့်မောင်ဟာ ၁၉၉၀ နှစ်ကုန်ပိုင်းမှာ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ချခံခဲ့ရ
ပါတယ်။ အဲဒီနောက် အင်းစိန်ထောင်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ
တွေကို ကုလသမဂ္ဂဆီကို စာရေးပေးပို့ခဲ့လို့ ထပ်တိုးပြစ်ဒဏ် ၁၂ နှစ်ကျခံပြီး စုစုပေါင်း
ထောင်ဒဏ် ၃၇ နှစ် ကျနေရာက စနေနေ့မှာ ပြန်လွတ်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ကျရင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ နိုင်ငံတော်အကျိုးကို
ထမ်းနိုင်ဖို့ အကျဉ်းသား ၆,၃၁၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ မြန်မာ
စစ်အစိုးရက ကြေညာပြီး လွှတ်ပေးနေတဲ့အထဲမှာ အခုအချိန်ထိ နိုင်ငံရေးအကျဉ်းသား
စုစုပေါင်း ၂၅ ယောက်ပဲ ပါသေးတယ်လို့ နိုင်ငံရေးအသိုင်းအဝန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG