သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စစ်ရေးအားဖြည့်ဟု တောင်ကိုရီးယား ပြောဆို


မြောက်ကိုရီးယားဘက်က ဒုံးကျည်အသစ် တည်ထွင်ပြီးတော့ သူတို့ရဲ့စစ်အင်အားကို
တိုးမြှင့်လာနေသလို သူတို့ရဲ့ အထူးခြေမြန်တပ်အင်အား အရေအတွက်ကိုလည်း တိုးချဲ့
လာနေတယ်လို့ တောင်ကိုရီးယားကနေ ပြောဆိုလိုက်ပါတယ်။ လေ့လာအကဲခတ်သူ
တွေကနေ မြောက်ကိုရီးယားဘက်က မကြာခင်ပြုလုပ်လာနိုင်တဲ့ ဒုံးကျည်ပစ်လွှတ်
စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး သတိပေး ပြောဆိုနေကြချိန်မှာ တောင်ကိုရီးယား
အရာရှိတွေကလည်း မြောက်ကိုရီးယားစစ်တပ်ဟာ စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုတခုမှာ
ရှိနေဆဲပဲလို့ ပြောလိုက်တဲ့အကြောင်း ဆိုးလ်မြို့တော်မှာရှိတဲ့ ဗွီအိုအေသတင်းထောက်
ကာ့တ် အချင်း (Kurt Achin) က သတင်းပေးပို့ခဲ့ပါတယ်။ မနန္ဒာချမ်းက အပြည့်အစုံကို
တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားဟာ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို
လေ့လာပြီး တောင်ကိုရီးယားအပေါ် ခြိမ်းခြောက်မှုတွေကို ဆက်လက်လုပ်ဆောင်နေ
တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ ရှင်
ဝမ်ဆစ်ခ် (Shin Won-sik) က တနင်္လာနေ့မှာ သတင်းထောက်တွေကို အခုလို
ပြောကြားခဲ့ပါတယ်။

“၂၀၀၆ ခုနှစ်ကတည်းက မြောက်ကိုရီးယားဟာ သူတို့ရဲ့ အထူးတပ်ဖွဲ့အင်အား ၅၀%
စစ်သားဦးရေ ၁၈၀,၀၀၀ အထိ တိုးချဲ့ခဲ့တယ်လို့ သူက ပြောသွားတာပါ။ အဲဒီတပ်ဖွဲ့
ရဲ့ အဓိကတာဝန်က ပြဿနာဖြစ်တဲ့အချိန်မှာ တောင်ကိုရီးယား နယ်မြေထဲကို အမြန်
ဝင်ရောက်ပြီး အနောက်ဘက်ကနေ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေကို
တိုက်ခိုက်ရမှာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားကနေ တောင်ကိုရီးယားထဲကို ထပ်ပြီး
ထိုးဖောက်ဖို့ ကြိုးပမ်းလာတဲ့အခါ ကာကွယ်ဖို့အတွက် တပ်သားအင်အား ၂၈,၀၀၀
လောက်အထိ တောင်ကိုရီးယားမှာ တိုးချဲ့ထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဘက်က အခုလို အထူးတပ်ဖွဲ့အင်အား တိုးချဲ့ဖို့ ဆုံးဖြတ်ချက်
ကြောင့် အခြေအနေတွေ ရှုပ်ထွေးရတယ်လို့ မစ္စတာရှင်က အခုလို ပြောဆိုခဲ့ပါ
သေးတယ်။

“မြောက်ကိုရီးယားအနေနဲ့ ရန်သူနဲ့ မိတ်တွေ ခွဲခြားထားတဲ့မျဉ်းကို ခပ်ဝါးဝါး ဖြစ်စေချင်
ပုံရနေတယ်။ ဒီလိုရှုပ်ထွေးမှုတွေကို ဖြန့်ရင်းနဲ့လည်း သူ့အနေနဲ့ ခေတ်မီလက်နက်တွေ
နဲ့ တခြားလိုအပ်ချက်တွေမှာ အားနည်းနေတာတွေကို ပြန်ပြီးရနိုင်လိမ့်မယ်လို့လည်း
ယုံကြည်ကောင်း ယုံကြည်နေပါလိမ့်မယ်” လို့ သူက ပြောသွားတာပါ။

ဒါ့အပြင် မြောက်ကိုရီးယားဟာ တာလတ်ပစ်ဒုံးကျည် အမျိုးအစားသစ်တခုကိုလည်း
တိုးချဲ့ထုတ်လုပ်တယ်လို့ တောင်ကိုရီးယား စက္ကူဖြူစာတမ်းမှာ ဆိုထားပါတယ်။ အရင်
တုန်းကလည်း တောင်ကိုရီးယားတနိုင်ငံလုံးနဲ့ ဂျပန်နိုင်ငံ နေရာတော်တော်များများ
အထိ ပစ်ခတ်နိုင်တဲ့ တာလတ်ပစ်ဒုံးကျည်တွေကို ထုတ်လုပ်တဲ့ စက်ရုံတရုံ
မြောက်ကိုရီးယားမှာ ရှိထားပြီးသား ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအထိ ရောက်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တခုကို
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိမ့်မယ်ဆိုတဲ့ သတိပေးမှုတွေကြောင့်လည်း
တောင်ကိုရီးယားဘက်ကနေ ရက်သီတင်းပတ်ပေါင်းများစွာကတည်းက တော်တော်
လေး သတိထားနေခဲ့တာပါ။ ဒါ့အပြင် အပတ်စဉ်ထုတ် စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း
တစောင်ဖြစ်တဲ့ Janes Defense ရဲ့ မြောက်ကိုရီးယား ဒုံးကျည်အရေး အဆင့်မြင့်
ကျွမ်းကျင်သူတဦးကလည်း မြောက်ကိုရီးယားအနေနဲ့ ပစ်လွှတ်မယ်ဆိုရင် ရက်ပိုင်း
အတွင်းမှာတင် ပစ်လွှတ်ဖို့အတွက် အဆင်သင့်ရှိနေနိုင်တယ်လို့ သတိပေးထားပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ နေ့စဉ်ရက်ဆက်ဆိုသလို ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့
ကြေညာချက်တွေကို ထုတ်ပြန်နေပါတယ်။ ဒီကနေ့မှာဆိုရင်လည်း မြောက်ကိုရီးယား
အစိုးရရဲ့ ရိုဒွန်း ဆင်မွန် (Rodong Sinmun) သတင်းစာကနေ ရှေးရိုးစွဲဝါဒီ ကိုရီးယား
သမ္မတ လီမြောင်ဘတ်ခ် (Lee Myung-bak) ဟာ ဖက်ဆစ်အာဏာရှင်ဖြစ်တယ်ဆိုပြီး
ခေါ်ဝေါ်လိုက်ပါတယ်။

ကိုရီးယား နှစ်ပြည်ထောင်ကြား ဆက်ဆံရေးတွေမှာ လုံးဝပြိုကွဲပျက်စီးအောင်၊ စစ်မက်
ဖြစ်ပွားလုနီးနီး အခြေစိုက်အောင် တွန်းပို့နေတယ် ဆိုပြီးတော့လည်း စွပ်စွဲလိုက်ပါ
တယ်။ ဆင်းရဲမွဲတေမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားကို
၁၀ နှစ်ကြာ အကူအညီပေးနေတာတွေကို သမ္မတ လီမြောင်ဘတ်ခ်က ရပ်တန့်ခဲ့ပါ
တယ်။ မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်တွေကို ဖယ်ရှားတဲ့နေရာမှာ
နောက်ထပ် တိုးတက်မှုတွေ တွေ့ရတဲ့အပေါ်မှာသာ အကူအညီတွေ ပြန်ပေးဖို့က
မူတည်နေလိမ့်မယ်လို့လည်း ဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG