သုံးရလွယ်ကူစေသည့် Link များ

အသုဘယာဉ်တွေ မြို့ကျက်သရေ ယုတ်စေတယ်လို့ အာဏာပိုင်တို့ယူဆ


ရန်ကုန်မြို့က နာရေးကူညီမှု အဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုနေကြတဲ့ မော်တော်ယာဉ်တွေကို မြို့ပြင်မှာရှိတဲ့ သချိုင်းတွေကို ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက မကြာသေးခင်ကပဲ ညွှန်ကြားလိုက်ပါတယ်။ ဒီလကုန်ပိုင်း နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့ ဒီလို ပြောဆိုထားတဲ့အတွက်လည်း နာရေးကူညီမှုလုပ်ငန်းမှာ အခက်အခဲတွေ တွေ့ရမယ့် အခြေအနေတွေနဲ့လည်း ကြုံနေကြရတယ်လို့ စေတနာ့ဝန်ထမ်း ကူညီနေသူတွေက ပြောကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။

ကွယ်လွန်ဆုံးပါးသူတွေအတွက် သဂြိုဟ်ပေးတဲ့ လုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ နိဗ္ဗာန်ယာဉ်တွေကို အခုအခါ ရန်ကုန် မြို့စွန်မြို့ဖျားက သင်္ချိုင်းတွေမှာသာ ပြောင်းရွှေ့ထားဖို့ အာဏာပိုင်တွေက ညွန်ကြားလိုက်တာလို့ နာရေးဝန်ဆောင်မှု လုပ်ငန်း လုပ်နေသူတွေက ပြောတာပါ။ ဒီလကုန်ပိုင်းနောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့၊ ဒီလိုမှ မဟုတ်ဘဲ ပျက်ကွက်ခဲ့ရင် အရေးယူတာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုပြီး အာဏာပိုင်တွေက ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။ ဒီညွှန်ကြားချက်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဈာပနတွေကို ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ အခမဲ့ နာရေးကူညီမှုအသင်းမှာ ဦးစီးဦးဆောင်လုပ်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ကို မေးကြည့်တဲ့ အခါမှာတော့ သူက အခုလို ပြောပါတယ်။

"ကားတွေကို ရေဝေး သုဿန်မှာပဲ ထားရမယ်လို့ ကျွန်တော်တို့ကို ပြောထားတယ်။ ဖေဖေါ်ဝါရီ ၈ရက်နေ့တုန်းက ကျွန်တော်တို့ကို တခေါက် အစည်းအဝေး ခေါ်တယ်။ ရန်ကုန်မှာ ရှိတဲ့ နာရေး အသင်းတွေ မွတ်ဆလင်ရော၊ ခရစ်ယာန်ရော၊ ဟင်ဒူရော၊ ဗုဒ္ဓဘာသာရော အသင်းတွေခေါ်ပြီး၊ သက်ဆိုင်ရာ အသင်းဌာနတွေ ရှိတဲ့နေရာမှာ မထားရဘူး။ မွတ်ဆလင်ဆိုလည်း ဗလီတွေမှာ မထားရဘူး။ ဟင်ဒူဆိုလည်း ဟင်ဒူ ဘုရားကျောင်းမှာ မထားရဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ ကျတော့ ဘုန်းကြီးကျောင်းရှိတဲ့နေရာမှာ မထားရဘူးလို့ ပြောတယ်။ ဒါဆိုရင် ကျွန်တော်တို့ ကားတွေ ထားဖို့ ရေဝေးသုဿန်မှာ ကျွန်တော်တို့ အသင်း ရုံးခွဲရှိတယ်။ အဲဒီ ရုံးရဲ့ ဘေးက လွတ်နေတဲ့ မြေကွက်မှာ ကားတွေ ထားဖို့ ရည်ရွယ်ပြီး မြေကွက်လျှောက်တယ်။ အဲဒါကိုလည်း ဘာမှ အကြောင်း မပြန်ဘူး။ ၁၆ရက်နေ့ကလား မသိဘူး။ ကျွန်တော်တို့ဆီ စာပြန်ပို့တယ်။ ဖေဖေါ်ဝါရီ ၂၈ရက်မှာ နောက်ဆုံးထားပြီး သင်္ချုင်းတွေကို ပို့ရမယ်။ မပို့ရင် ပုဒ်မ ဘယ်လောက်နဲ့ အရေးယူမယ်ပေါ့ဆိုပြီး ကျွန်တော်တို့ကို စာပြန်လာတယ်။"

မြို့ပေါ်မှာ အခုလို နိဗ္ဗာန်ယာဉ်ကားတွေ ရှိနေတာ မတင့်တယ်လို့ဆိုပြီး အာဏာပိုင်တွေက အခုလို မြို့စွန်မြို့ဖျား သင်္ချိုင်းတွေကို ရွှေ့ပြောင်းလိုက်လို့ လက်ရှိနာရေးလုပ်ငန်းတွေမှာ အခက်ကြုံရမယ့် အရေးကိုလည်း ကိုကျော်သူ က စိတ်မအေး ဖြစ်နေတာပါ။


"မြို့တော် အင်္ဂါရပ်နဲ့ ညီညွတ်အောင်ဆိုပြီး ကားတွေ မထားရဘူးလို့ ပြောတယ်ခင်ဗျ။ ဘယ်သူမဆို သေမယ့်သူတွေကြီးပါပဲ။ ဆုံးပါးသွားတဲ့သူတွေကို ရပ်ကွက်တွေ၊ လမ်းတွေမှာ လိုက်ပြီး ကူညီပံ့ပိုးနေရတော့ ကားတွေက ဝင်ထွက်နေရတာ။ ကျွန်တော်တို့ကတော့ အဲလို အယူတွေ မရှိပါဘူး။ ကျွန်တော်တို့ဆီမှာ ၁၆စီးရှိတယ်။ အလှူရှင်တွေရဲ့ ငွေနဲ့ ကားတွေကို ဝယ်ပြီး ကားတွေကို ကူညီနေရတာ။ မော်တော်ကားတွေကလည်း အသစ်တွေများတယ်။ ကားအသစ်တွေဆိုတော့ လုံခြုံရေး အရမ်း အရေးကြီးတယ်။ ရေဝေးရုံးခွဲက တယ်လီဖုန်းဆိုရင်လည်း လိုင်းကြိုး ခဏခဏ ဖြုတ်ခိုးခံရတယ်။ မော်တော်ကားတွေဆိုရင် ပိုဆိုးတယ်။ ပစ္စည်းပျောက်ရှတာတို့။ မီးလုံးတွေက အစ၊ ကားသန့်ရှင်းရေးအတွက် လုပ်ဖို့လည်း အခက်အခဲတွေ ရှိတယ်။ ရေဝေးဆိုတော့ အဲဒီက ကားတွေထွက်ရမယ်။ ဝန်ထမ်းတွေအတွက်လည်း သွားဖို့လာဖို့က အခက်အခဲဖြစ်တယ်။"


ငွေကြေး မတတ်နိုင်သူတွေအတွက် ဈာပနတွေကို အခမဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ ရန်ကုန်မြို့က နာရေးကူညီမှုအသင်းက ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ပါ။ သူတို့ရဲ့ အခမဲ့နာရေးကူညီမှုအသင်း ဟာ ၂၀၀၁ ခုနှစ် ဝန်ဆောင်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်စဉ်ကစလို့ အခုဆိုရင် ဈာပနပေါင်း ၆ သောင်းကျော်အတွက် ကူညီပေးနိုင်ခဲ့သလို၊ အခုဆိုရင်လည်း နေ့စဉ် ဈာပနပေါင်း ၅၀ လောက်အတွက် ကူညီဆောင်ရွက် ပေးနေရဆဲပဲလို့ ဦးကျော်သူ က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG