သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖေါက်မှု အမေရိကန် အပြင်းအထန် ဝေဖန်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၀၇ခုနှစ်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ ဘာမှ တိုးတက်လာတာကို မတွေ့ရဘဲ ဖိနှိပ်မှုတွေ ပိုပြီးတော့ တိုးပါွးလာဖို့ တွေ့ရတယ်လို့ အစီရင်ခံစာကို ရေးသားသူ ခယ်ရန် စတီးဝက် က ပြောပါတယ်။ အမေရိကန် အစိုးရဟာ သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို လည်း ပြန်လည် သုံးသပ်နေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၉၀ ၂၀၀၈ခုနှစ်အတွက် လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် လေ့လာခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက အာရှက နိုင်ငံတွေထဲမှာ ကွန်မြူနစ် တရုတ်နိုင်ငံ၊ မြောက်ကိုရီးယား၊ ဗီယက်နမ်နဲ့ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံတွေမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးရွားနေတယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ စာမျက်နှာ၄၀ လောက်ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် အပိုင်း ၆ပိုင်းခွဲပြီး ဖော်ပြထားတာတွေ့ရပါတယ်။ လူ ၁ဦးချင်းစီရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး တရားမဝင် အဖမ်းအဆီးခံရတာ ပျောက်သွားတာ၊ နှိပ်စက် ညှင်းပန်းခံရတာ၊ ထောင်ဒဏ် နှစ်ရှည်ချမှတ်တာ ခံရတာ၊ တရားရုံးမှာ စစ်ဆေးတဲ့ အခါမှာ တရားမျှတမှုမရှိတာတွေ၊ တံခါးပိတ် ရုံးတင် စစ်ဆေးတာတွေနဲ့ ဥပဒေ အချိုးဖောက်ခံ ရတာတွေနဲ့ ကလေးစစ်သားအသုံး ပြုမှုတွေကိုပါ နံမယ်နဲ့တကွ ဖော်ပြထားတာကို တွေ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ ယာယီလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ခယ်ရင် စတီးဝက် က မြန်မာနိုင်ငံမှာ တိုးတက်မှုတွေကို မတေ့ွရဘူးလို့ ဆိုပါတယ်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သေသေချာချာ ဘာတခုမှာ ကောင်းမလာဘူးလို့ ကျမထင်ပါတယ်။ ၂၀၀၈ခုနှစ် အတွက် အစီရင်ခံစာ ရေးတဲ့ အချိန်အထိပါပဲ။ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကို နှစ်ရည်ထောင်ဒဏ်တွေ ချမှတ်တာတွေနဲ့ ၂၀၀၈ခုနှစ်မှာ နိုင်ငံရေး အကျဉ်းသားအရေအတွက် ပိုများလာတဲ့အပြင် အစိုးရ နေရာ အတော်များများမှာ ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။ "

အမေရိကန်က မြန်မာနိုင်ငံပေါ်မှာ ထားရှိတဲ့ မူဝါဒတွေကို ပြောင်းလဲပြုပြင်ဖို့ကိုလည်း ပြောပါတယ်။

"အရင်တုန်းက ကျမတို့ တခါမှ မကျင့်သုံးခဲ့ဖူးတဲ့ တခြားနည်းလမ်းတွေကို ရှာဖွေကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ပိုပြီး လေးလေးစားစားရှိလာစေဖို့ ဖိအားပေမယ့် နည်းလမ်းတွေကို ထပ်ဖြည့်နိုင်ဖို့ တချိန်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာစစ်အစိုးရကို တောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ သေသေချာချာ လုပ်ဆောင်ဖို့ မြန်မာစစ်အစိုးရကို ထပ်ပြီး တိုက်တွန်းသွားမှာပါ။"

လူ့အခွင့်အရေး စာတမ်းနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် မြန်မာ့အရေး လုပ်ဆောင်နေတဲ့ ဦးအောင်ဒင်ကို မေးကြည့်ပါတယ်။

"လူ့အခွင့်အရေး အစီရင်ခံစာကတော့ နှစ်တိုင်းနှစ်တိုင်း ထုတ်ပြန်နေတာပါ။ အဲဒီလို ထုတ်ပြန်တဲ့အခါမှာ တချို့နိုင်ငံတွေက အခြေအနေ ကောင်းမွန်တိုးတက်လာတာရှိတယ်။ တချို့ နိုင်ငံကျတော့ ဆုတ်ယုတ်သွားတာရှိတယ်။ မြန်မာနိုင်ငံအတွက် အစီရင်ခံစာကို ကျွန်တော်တို့ မှီတဲ့ သက်တမ်းထဲမှာ ကြည့်မယ်ဆိုရင်၁၉၈၈က စပြီး အခု အချိန်အထိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တိုးတက် ကောင်းမွန်လာတာ မရှိပါဘူး။ အမြဲတမ်း ဆုတ်ယုတ်ကျဆင်းနေတာပါ။ ဒီဆုတ်ယုတ် ပျက်ဆီးမှုရဲ့ အဓိက တရားခံက မြန်မာပြည်ကို မတရားသဖြင့် အုပ်စိုးနေတဲ့ နအဖစစ်အုပ်စုကြောင့် ဖြစ်တယ်။ အခု သမ္မတ အိုဘားမား တက်လာတဲ့ သက်တမ်းမှာ စပြီး ပေါ်လစီကို ပြန်လည် သုံးသပ်မယ်၊ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မိသားစုကြီးရဲ့ ပါဝင် ပတ်သက်မှုကြီးတွေက ဘာကြောင့် မရသေးတာလဲ၊ နအဖ စစ်အုပ်စုကို တကမ္ဘာလုံးက တူညီတဲ့ အသံနဲ့ ညီညီညွတ်ညွတ်ဖိအား ဘာလို့ မပေးနိုင်တာလဲကို ပြန်ပြီး စဉ်းစားလိမ့်မယ်ထင်ပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG