သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနှင့် ဆက်ဆံခွင့် အမေရိကန် လက်မလွှတ်သင့်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack
Obama) အနေနဲ့ မြန်မာအစိုးရပေါ် ချမှတ်ထားတဲ့
ဒဏ်ခတ်အရေးယူမှုကို ရုပ်သိမ်းပြီး ထိတွေ့
ဆက်ဆံတဲ့နည်းလမ်းကို ပြောင်းလဲကျင့်သုံးဖို့
အရှေ့တီမောသမ္မတ ရာမို့စ် ဟော်တာ (Ramos
Horta) က တိုက်တွန်းလိုက်ပါတယ်။ သူဟာ
အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပြီး
ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ
လေ့လာရေးဌာန (CSIS) မှာ မနေ့ကလုပ်ခဲ့တဲ့
ဆွေးနွေးပွဲတခုအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့
အဲဒီလို ထည့်သွင်းပြောဆိုသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်
ခံထားပါတယ်။

မြန်မာအစိုးရ ကျူးလွန်တယ်ဆိုတဲ့ အပြစ်တွေကြောင့် အနောက်နိုင်ငံတွေက
စီးပွားရေးပိတ်ဆို့ အရေးယူတာဟာ လူထုကိုပါ ထိခိုက်စေတယ်လို့ ရာမို့စ် ဟော်တာက
ဆိုပါတယ်။

“မြန်မာနိုင်ငံကိစ္စမှာဆိုရင် စီးပွားရေးပိတ်ဆို့မှု ချမှတ်လိုက်တဲ့အခါ အနောက်နိုင်ငံတွေ
က စီးပွားရေးကုမ္ပဏီတွေ ထွက်သွားကြ၊ လူအမြောက်အမြား အလုပ်လက်မဲ့ ဖြစ်ကြရ
ပါတယ်။ အဲဒီကုမ္ပဏီတွေနေရာမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လေးစား
လိုက်နာမှု အားနည်းတဲ့ ကုမ္ပဏီတွေ၊ လူတွေ ဘယ်လိုထင်မြင် ယူဆကြတယ်ဆိုတာကို
ထည့်မတွက်တဲ့ ကုမ္ပဏီတွေက နေရာဝင်ယူလိုက်ကြတာပါပဲ။ ဆိုတော့ ဒါက အဓိပ္ပာယ်
မရှိပါဘူး။ စီးပွားရေးပိတ်ဆို့မှုဟာ စနစ်ကျဖို့လိုပါတယ်။ တခုခုအတွက် တိုက်ပွဲဝင်ချင်
ရင် နည်းလမ်းကျကျ လုပ်ရပါမယ်၊ ကျဉ်းမြောင်းတဲ့နည်းလမ်းနဲ့ လုပ်လို့မရပါဘူး။”

စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုရင် မြန်မာစစ်အစိုးရဟာ အပြောင်းအလဲတွေ
ဖော်ဆောင်ချင်စိတ်ရှိတယ်လို့ သူယုံကြည်ကြောင်းလည်း ရာမို့စ် ဟော်တာက
ပြောပါတယ်။

“မြန်မာစစ်အစိုးရဟာ အပြောင်းအလဲကို အရမ်းလိုချင်နေတယ်ဆိုတာ ကျနော်သိပါ
တယ်၊ သူတို့ အပြောင်းအလဲ လုပ်ချင်ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေအနေနဲ့
မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ဘာနဲ့မှမတူတဲ့ အခွင့်အရေးပါ။ အခွင့်အလမ်း
ပြတင်းပေါက်လေး ပွင့်နေတယ်လို့ ကျနော်ထင်ပါတယ်။ အပြောင်းအလဲတွေ စလုပ်ဖို့
သူတို့ကို တနှစ် အချိန်စပေးလိုက်ပါ။ ဒါဟာ မှန်ကန်တဲ့ချဉ်းကပ်မှုလို့ ကျနော်ထင်ပါ
တယ်။”

ကမ္ဘာပေါ်က အကျပ်အတည်းဖြစ်နေတဲ့ နိုင်ငံအများအပြားထဲမှာ မြန်မာနိုင်ငံဟာ
ဆက်ဆံရေးတိုးတက်အောင်လုပ်ဖို့ အလွယ်ဆုံးနိုင်ငံတခု ဖြစ်တာကြောင့်
အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြေအပေါ်
အထူးသဖြင့် အကောင်းမြင်တဲ့အကြောင်း သူက ပြောပါတယ်။

ရာမို့စ် ဟော်တာဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကနေ လွတ်လပ်ရေးရခဲ့တဲ့
အရှေ့တီမောနိုင်ငံရဲ့ ဒုတိယမြောက်သမ္မတ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးပြီးချင်း
သမ္မတဖြစ်ခဲ့တဲ့ ဆာနားနား ဂက်စ်မားအိုး (Xanana Gusmao) လက်ထက်မှာတော့
နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အရှေ့တီမော လွတ်လပ်ရေးကြိုးပမ်းမှု ကာလတလျှောက် ၁၉၇၅ ခုနှစ်ကနေ ၁၉၉၉
ခုနှစ်အထိ ပြည်ပမှာနေထိုင်ပြီး လှုပ်ရှားမှုရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့
ပါတယ်။ ၁၉၉၆ ခုနှစ်မှာ အရှေ့တီမောဘုန်းတော်ကြီး ကားလို့စ် ဖိလစ်ပီ ဇီမန်းနက်စ်
ဘီလို (Carlos Felipe Ximenes Belo) နဲ့အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ
ချီးမြှင့်ခံခဲ့ရပါတယ်။ သူဟာ စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်သူတွေထဲမှာ ထင်ရှားသူ
တဦးဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတာတွေ ရုပ်သိမ်းပေးဖို့ကိုလည်း မကြာခဏ
ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG