သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးတွေ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် ပြန်လက်ခံမည်


ဒေသတွင်းနိုင်ငံတွေမှာ မကြာသေးခင်က အတော်လေး ပြဿနာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာအရေးကိစ္စမှာ စစ်အစိုးရကနေ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ တချိန်လုံးပြောဆိုခဲ့ပေမဲ့ အခုတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ဆိုတာ ရှိတဲ့အကြောင်း၊ တကယ်လို့သာ ဒီ ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံမှာ နေခဲ့ပါတယ်ဆိုတဲ့ အထောက်အထား တခုခု ပြသနိုင်ခဲ့ရင် သူတို့ကို အစိုးရက ပြန်လက်ခံမယ်ဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ ထိပ်သီးညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို အာဆီယံထိပ်သီးညီလာခံ ကျင်းပနေတဲ့ ထိုင်းနိုင်ငံ ဟွာဟင်းအပန်းဖြေစခန်းမှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က တင်ပြပေးထား ပါတယ်။

ဒေသတွင်းရိုက်ခတ်နေတဲ့ ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေရဲ့အရေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒီနေ့ အစည်းအဝေးမှာ အလေးအနက်ထား ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ရှင် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) က အခုလိုပြောဆိုပါတယ်။

“မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်ထဲမှာ ရိုဟင်ဂျာ ဆိုတဲ့လူမျိုး မရှိကြောင်း၊ ဒါပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ဘင်္ဂါလီလူမျိုး တွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြောင်း မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး က ရှင်းလင်းပြောဆိုခဲ့တယ်” လို့ ပြောပြသွားပါတယ်။

ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေထဲက မြန်မာနိုင်ငံမှာ နေခဲ့ကြတယ်ဆိုတာကို သက်သေပြနိုင်ရင် မြန်မာနိုင်ငံကို ပြန်ခွင့်ပြုမှာဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ ဘင်္ဂါလီလူမျိုးတွေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတဲ့ စာရင်းကို စစ်တမ်းကောက်ယူဖို့ အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို တာဝန်ပေးအပ်လိုက်တယ် လု့ိလည်း ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အာဆီယံလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတဲ့ အကြောင်းကိုလည်း ဝန်ကြီး ကဆစ်ပီရွမ်း က အခုလို ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ရည်ညွှန်းချက်တွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုအပြီးသတ်နိုင်ဖို့အတွက် ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။ တဆင့်ပြီးတဆင့် လုပ်ကြရတဲ့လုပ်ငန်းစဉ်ဖြစ်လို့ သံအမတ်ကြီး ဆီဟာဆတ်ရဲ့ ဦးဆောင်မှုနဲ့ နောက်ထပ် လေးလလောက် အချိန်ယူပြီးတော့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းသွားပါမယ်။ နောက်ထပ် သီးခြား ဆွေးနွေးပွဲတွေလည်း ဆက်လုပ်သွားဖို့ရှိပါတယ်။ နောက်တကြိမ်ကျင်းပမယ့် ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ ကျင်းပဖို့ သဘောတူခဲ့ပါတယ်” လို့ ပြောပြသွားပါတယ်။

လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းပြီးရင်တောင်မှပဲ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးပြဿနာကို ဘယ်လိုဆက်ပြီး ကိုင်တွယ် သွားကြမလဲ ဆိုတာကို အလေးအနက်ထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောပြသွားပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရ ပူးပေါင်းဆောင်ရွက်နေတဲ့ နာဂစ်မုန်တိုင်းသင့်ဒေသ ကယ်ဆယ်ရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို ဇူလိုင်လအထိပဲ ဆောင်ရွက်ဖို့သဘောတူထားရာက နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ဒီနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ကြပါတယ်။ တနှစ်ပဲ သက်တမ်းတိုးရတဲ့ အကြောင်းရင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးရင် မြန်မာအစိုးရအသစ် တက်လာမှာမို့လက်ရှိစစ်အစိုးရနဲ့ တနှစ်စီမံကိန်းအနေနဲ့ပဲ ချမှတ်ရတဲ့ သဘော ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းပြပါတယ်။

အာဆီယံ ထိပ်သီးညီလာခံကြီး မကျင်းပခင်တုန်းက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေရဲ့အရေးကို အစီအစဉ်တွေထဲမှာ တရားဝင် ထည့်သွင်းမထားခဲ့ဘဲ အလွတ်သဘောပြင်ပမှာပဲ ဆွေးနွေးကြမယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်း အစည်းအဝေး ကျင်းပတဲ့အခါ တရားဝင် ဆွေးနွေးနိုင်ခဲ့ကြတာဟာ တိုးတက်မှုတခုအဖြစ် အကဲခတ်သူတွေက ရှုမြင်နေကြပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG