သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မအလုပ်ခိုင်းစေမှု တိုင်ကြားရေးရုံး မြန်မာနိုင်ငံမှာ ဆက်ထားမည်


မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှု ပပျောက်ရေးအတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) နဲ့ မြန်မာစစ်အစိုးရတို့ ကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားတာကို နောက်ထပ်သက်တမ်းတနှစ် တိုးလိုက်ပါတယ်။ အစိုးရအာဏာပိုင်တွေနဲ့ ILO အကြီးတန်းအရာရှိတွေ တွေ့ဆုံပြီး အဓမ္မလုပ်အားပေး အခြေအနေတွေနဲ့ပတ်သက်လို့ ဆက်လက် စောင့်ကြပ် ကြည့်ရှု သွားဖို့ လိုနေသေးလို့ အခုလို ဆက်လက်သက်တမ်းတိုးခဲ့ရတာလို့လည်း ILO က ပြောပါတယ်။ မြန်မာနိုင်ငံက အဓမ္မ လုပ်အားပေးစေခိုင်းတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ILO က ဘာတွေပြောထားတယ်ဆိုတာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အလုပ်သမားဝန်ကြီး အပါအဝင် အစိုးရအရာရှိတွေနဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက် နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာတရပ်ကို နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်တာပါ။ ILO အုပ်ချုပ်ရေးအဖွဲ့အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီအိုလာ (Kari Tapiola)၊ ILO ဥပဒေအရာရှိ ဒရာဇန် ပက်ထရိုဗစ်ချ် (Drazen Petrovic)၊ မြန်မာနိုင်ငံ ရန်ကုန်မြို့က ဆက်သွယ်ရေးအရာရှိ စတိဗ် မာရှဲလ် (Steve Marshall) စတဲ့ ပုဂ္ဂိုလ်တွေနဲ့ စစ်အစိုးရရဲ့ အလုပ်သမားဝန်ကြီး တို့ ဆွေးနွေးပြီး မြန်မာနိုင်ငံက အဓမ္မလုပ်အားပေး စေခိုင်းမှု အခြေအနေတွေ မပပျောက်နိုင်သေးတာမို့ အခုလို ဆက်လက်ဆောင်ရွက်ခဲ့တာပါ။ အစိုးရအနေနဲ့ အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ ပတ်သက်လို့ အရေးယူသွားဖို့ ဥပဒေတွေ ပြဋ္ဌာန်းထားသလို စေခိုင်းမှုတွေရှိရင်လည်း ရန်ကုန်အခြေစိုက် ILO ရုံးကို တိုင်ကြားခွင့်ရှိစေဖို့ သဘောတူထားတာ ဖြစ်ပေမဲ့ လို့ လက်တွေ့အခြေအနေမှာ ပြဿနာတွေက ရှိနေဆဲပဲလို့ ဆက်သွယ်ရေးအရာရှိ စတိဗ် မာရှဲလ်က ဆိုပါတယ်။

“လက်တွေ့မှာတော့ အခြေအနေဟာ တချို့နေရာတွေမှာ အဓမ္မစေခိုင်းမှုတွေက အတော်များများ ရှိနေဆဲဖြစ်ပါတယ်။ တချို့လုပ်ငန်းတွေမှာ အရပ်သားတွေကို အဓမ္မစေခိုင်းတာမျိုးတွေလည်း ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာလည်း စိုက်ပျိုးသီးနှံတွေကို ရွေးချယ်စိုက်ပျိုးခိုင်းတာ၊ သီးနှံတွေကို ရောင်းတဲ့နေရာမှာလည်း ဘယ်သူ့ကိုပဲရောင်းရမယ် ဆိုတဲ့ မူဝါဒတွေကြောင့် အဓမ္မခိုင်းစေတယ်ဆိုပြီး တိုင်ကြားတာမျိုးတွေလည်း ရှိပါတယ်။”

တကယ်တော့ အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ ဆက်စပ်ပြီး ကြားနေရတဲ့ ပြဿနာတခုအနေနဲ့ ILO က ပြောဆိုနေတဲ့ မြေယာသိမ်းယူတဲ့ ကိစ္စဟာလည်း အခုတလော ကျယ်ကျယ်လောင်လောင် ကြားနေရတဲ့ ကိစ္စတခု ဖြစ်နေပါတယ်။ ဒါပေမယ့်လို့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့တော့ ILO ဘက်က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အခြေအနေမှာ မရှိဘူး လို့လည်း ILO ဆက်သွယ်ရေးအရာရှိ စတိဗ် မာရှဲလ်က ပြောပါတယ်။

“မြေယာသိမ်းတဲ့ကိစ္စဟာ အရေးကြီးတဲ့ ပြဿနာတခုပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာရှိတဲ့ ILO ရုံးရဲ့ လုပ်ပိုင်ခွင့် အပ်နှင်းထားတဲ့ အထဲမှာ ဒါက အကြုံးမဝင်ဘဲ ဖြစ်နေပါတယ်။ ဒီလို မြေယာတွေကို သိမ်းယူတာ၊ အသုံးပြုတာတွေဟာ အဓမ္မ လုပ်အားပေးစေခိုင်းမှုနဲ့ ဆက်နွယ်ပြီး ကျနော်တို့ကို တိုင်ကြားလာတာတွေကိုလည်း မကြာခဏဆိုသလို လက်ခံရရှိ ပါတယ်။”

အဓမ္မလုပ်အားပေး စေခိုင်းမှုတွေကို တိုင်ကြားတဲ့လုပ်ငန်းစဉ် ဆောင်ရွက်တဲ့ကိစ္စကို မြန်မာစစ်အစိုးရနဲ့ ILO တို့အကြား သဘောတူထားပေမယ့်လို့ တကယ်တမ်းမှာ တိုင်ကြားလာသူတွေကို အာဏာပိုင်တွေက အရေးယူတာတွေ၊ ခြိမ်းခြောက် တာမျိုးတွေကလည်း ရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာတုန်းကတော့ နှစ်ရှည်ထောင်ဒဏ် ၁၂ နှစ်နဲ့ ၆ လ ချမှတ်ပြီး နယ်ဝေးထောင်ကို ပို့ခံထားရတဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ နောက် ILO ကို ဆက်သွယ်တိုင်ကြားဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ဦးသက်ဝေတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် ဦးသက်ဝေကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ လတ်တလောအခြေအနေမှာ ILO နဲ့ ပတ်သက်လို့ဆိုပြီး ဖမ်းတာတွေ မရှိပေမဲ့ ဆက်စပ်ပြီး အရေးယူခံထားရသူတွေရှိနေလို့ ILO ဘက်က စိုးရိမ်မှုတွေလည်း ရှိနေတာပါ။

“ILO နဲ့ တိုက်ရိုက်ပတ်သက်ပြီး ထောင်ထဲရောက်နေတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့လည်း ILO နဲ့ ဆက်စပ်နေသူ အများအပြားကို တခြားစွပ်စွဲချက် ပြစ်မှုတွေနဲ့ အရေးယူထားသူ အများအပြားရှိပါတယ်။ မေးစရာတခုကတော့ တကယ်တမ်း သူတို့အပေါ် တင်ထားတဲ့စွဲချက်တွေ၊ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေဟာ ILO နဲ့ ပတ်သက်မိလို့ ပိုပြီး ပြင်းထန်သလား ဆိုတာပါ။ ဒါကြောင့်မို့လို့လည်း ဒီကိစ္စတွေနဲ့ ပတ်သက်လို့ရော၊ လူပုဂ္ဂိုလ်တဦးချင်း အတွက်နဲ့ရော၊ ကျနော်တို့ အစိုးရနဲ့ စကားပြောဆိုနေတာတွေ ရှိပါတယ်။”

မြန်မာနိုင်ငံ ရန်ကုန်မြို့က ဆက်သွယ်ရေးအရာရှိ စတိဗ် မာရှဲလ် ပြောပြသွားတာဖြစ်ပါတယ်။ အဓမ္မလုပ်အားပေး စေခိုင်းမှု နဲ့ ပတ်သက်လို့ တိုင်ကြားခွင့်ရှိစေဖို့ နားလည်မှုစာချွန်လက်မှတ်ရေးထိုးခဲ့စဉ်ကစလို့ ခုအချိန်အထိကတော့ ILO ရန်ကုန်ရုံး ကို လူပေါင်း၁၅၀ ကျော်ရဲ့ တိုင်ကြားစာ ၁၃၅ စောင် ရထားပြီးတော့ ဒီအထဲက တချို့ကိစ္စတွေကိုလည်း ILO က စုံစမ်း စစ်ဆေး နေတာတွေ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG