အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား (Barack Obama) က အီရတ်ရှိ အမေရိကန်တိုက်ခိုက်ရေးတပ်ဖွဲ့အားလုံးကို ၂၀၁၀ ခုနှစ် သြဂုတ်လကုန်မှာ ရုပ်သိမ်းမယ်လို့ သောကြာနေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် အမေရိကန် စစ်စခန်းရှိ မရိမ်းတပ်မှာ ကြေညာလိုက်ပါတယ်။
လေ့ကျင့်ပေးရေးနဲ့ အကြမ်းဖက်မှုများ တိုက်ခိုက်ရေးတာဝန်တို့အတွက် တပ်ဖွဲ့ဝင် ၅၀,၀၀၀လောက်အထိတော့ အီရတ်နိုင်ငံမှာ ကျန်နေဦးမယ်၊ ဒါပေမဲ့ အမေရိကန်-အီရတ် လုံခြုံရေးစာချုပ်နဲ့အညီ ၂၀၁၁ ခုနှစ်အကုန်မှာတော့ တပ်အားလုံး ရုပ်သိမ်းဖို့ ရည်ရွယ်ထားကြောင်းလည်း သမ္မတအိုဘားမားက ဆက်လက်မိန့်ကြားပါတယ်။
အီရတ်နိုင်ငံ မလုံခြုံသေးဘူး၊ ရှေ့ဆက်ပြီး ခက်ခဲတဲ့ရက်များနဲ့ ကြုံရဦးမှာ ဖြစ်ပေမဲ့
အမေရိကန်အနေနဲ့လည်း အာဖဂန်နစ္စတန်လို၊ ပါကစ္စတန်လို တခြား ဦးစားပေးစရာများကို ကြည့်ရဦးမယ်လို့ သမ္မတက ဆိုပြီးတော့ အီရတ်လုံခြုံရေးနဲ့ ဒေသအစိုးရအားကောင်းရေးကို သံခင်းတမန်ခင်းအရ အမေရိကန်က ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။