သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးထုတ်လုပ်မှု မြန်မာပြည် ထိပ်ဆုံး


မြန်မာပြည်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ ကျဆင်းအောင် လုပ်ဆောင်တဲ့
နိုင်ငံတွေထဲမှာ မပါနိုင်သေးဘူးလို့ အမေရိကန်က ပြောလိုက်ပါတယ်။ မူးယစ်ဆေးဝါး
အဓိကထုတ်လုပ်တဲ့ နိုင်ငံပေါင်း ၂၀ ထဲမှာ မြန်မာပြည်လည်း ပါဝင်နေပြီး မူးယစ်
ဆေးဝါးကိစ္စနဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင်လုပ်ကြတဲ့ တိုင်းပြည်တွေထဲမှာလည်း
မြန်မာပြည် ပါဝင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်
ထုတ်ပြန်နေကြ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာဆိုင်ရာ
အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို မနေ့က ထုတ်ပြန်ခဲ့တာပါ။
ကိုကျော်အောင်လွင်က ဒီအစီရင်ခံစာကိုဖတ်ပြီး အပြည့်အစုံ တင်ပြပေးထားပါတယ်။

မနေ့ကထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူးယစ်ဆေးဝါး အစီရင်
ခံစာထဲမှာ အာဖဂန်နစ္စတန်၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေဟာ
မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေလို့ ဖော်ပြထားပြီး မြန်မာ၊ ဘိုလစ်ဗီးယား
နဲ့ ဗင်နီဇွဲလား နိုင်ငံတွေကတော့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ
သဘောတူညီချက်တွေအတိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ကျဆင်းအောင်
လုပ်တဲ့ တိုင်းပြည်တွေထဲမှာ ရှိမနေဘူးလို့ ဆိုပါတယ်။

အစီရင်ခံစာထဲမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ သီးသန့်ဖော်ပြတာမျိုးရော ရှိသလားရှင့်။

ဟုတ်ကဲ့။ နိုင်ငံအလိုက် သီးသန့်ဖော်ပြထားတာပါ။ မြန်မာပြည်နဲ့ ပတ်သက်လို့ကတော့
ဘိန်းစိုက်ပျိုးမှုတွေဟာ ၂၀၀၇ ခုနှစ်ကစပြီး သိသိသာသာ ပြန်တိုးလာခဲ့ပါတယ်တဲ့။
နောက်ပြီးတော့ မက်သ်အမ်ဖက်တမင်းလို့ခေါ်တဲ့ မူးယစ်စိတ်ကြွဆေးတွေ ထုတ်လုပ်ပြီး
နိုင်ငံခြားကိုဖြန့်တာတွေလည်း သိသိသာသာ လုပ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဘိန်းစိုက်ပျိုးမှု တိုးလာတဲ့နေရာတွေကတော့ ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊
နောက်တခါ ကချင်ပြည်နယ်တွေမှာလို့ ဆိုပါတယ်။ မြန်မာပြည်နဲ့ကပ်လျက် ရွှေတြိဂံ
နယ်မြေကနေ မူးယစ်စိတ်ကြွဆေးတွေကို ဖြန့်တဲ့နေရာမှာ Ice Triangle လို့ခေါ်တဲ့
ဆေးပြားသစ်တွေကို မြန်မာပြည်က အကြီးအကျယ် ဖြန့်ဖြူးသူအဖြစ် ပါဝင်နေတယ်လို့
ဆိုပါတယ်။

နှစ်စဉ် ပုံမှန်ဖြန့်နေတဲ့ တိုင်းပြည်တွေကတော့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ ဖြစ်ပါ
တယ်တဲ့။ မြန်မာပြည်က မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ
မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး
ဒေးဗစ် ဂျွန်ဆင်က သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်မှာ
မူးယစ်စိတ်ကြွဆေး ထုတ်လုပ်နေတာတွေကြောင့် ဒေသသတွင်းနိုင်ငံတွေအတွက်
အန္တရာယ်ရှိလာနေတဲ့အကြောင်း ပြောခဲ့ပါတယ်။

“မက်သ်အမ်ဖက်တမင်း မူးယစ်စိတ်ကြွဆေးပြားတွေ ကမ္ဘာပေါ်မှာ အထုတ်လုပ်ဆုံး
ကတော့ မြန်မာပြည်ပါပဲ။ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်
မှုတွေကလည်း တော်တော်နည်းပါတယ်။ အဲဒါကြောင့် ဒီမူးယစ်ဆေးဝါးတွေဟာ
မြန်မာပြည်သူတွေသာမကဘဲ အိမ်နီးချင်း လာအိုနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ
နိုင်ငံတွေကိုပါ ခြိမ်းခြောက်နေပါပြီ” လို့ ပြောသွားတာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်နဲ့ သမ္မတအိမ်ဖြူတော်က မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ
အရာရှိဟောင်း ဘော့ ဝေနာကလည်း မြန်မာ့မူးယစ်ဆေး ပြန်တိုးတက်လာနေတဲ့
အကြောင်း ဗွီအိုအေကို ရှင်းပြထားပါတယ်။

“မြန်မာပြည်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်လာနေတယ်။ ဒါပေမယ့် ကမ္ဘာ့ဘိန်း
အထုတ်ဆုံးနိုင်ငံတော့ မဟုတ်တော့ဘူး။ အာဖဂန်နစ္စတန်က အထုတ်ဆုံးဖြစ်နေတယ်။
မြန်မာစစ်အစိုးရဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ကျဆင်းအောင် မလုပ်နိုင်ဘူး
ဖြစ်နေတယ်” လို့ ပြောသွားခဲ့ပါတယ်။

ကောင်းတဲ့အချက်တွေရော မပါဘူးလား ကိုကျော်အောင်လွင်။

ပါပါတယ်။ ကောင်းတယ်ဆိုပေမယ့် နည်းနည်းပဲကောင်းတယ်လို့ ပြောရမှာပေါ့။ မြန်မာ
စစ်အစိုးရဟာ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အစည်းတချို့နဲ့ ပုံမှန်
ဆိုသလို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာခဲ့ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့
လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးလာပါတယ်တဲ့။
နောက်ပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့လည်း မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး
နှိမ်နင်းရေး လုပ်ငန်းတွေမှာ တိုးမြှင့်ပြီး လုပ်ဆောင်လာတဲ့အကြောင်း၊ ၂၀၀၈ ခုနှစ်
မေလတုန်းက ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ကို သူ့ရဲ့သား အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်တယ်ဆိုပြီး ရာထူးကဖယ်ရှားခဲ့ပါတယ်။
နောက်တခါ စစ်အစိုးရခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမား မောင်ဝိတ်နဲ့
အပေါင်းအပါ ၄ ယောက်ကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချခဲ့ပါတယ်တဲ့။

မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉
ခုနှစ်က ချမှတ်ထားပါတယ်။ ၂၀၁၄ ခုနှစ်ကြရင် မြန်မာပြည်တခွင် မူးယစ်ဆေးဝါး
ကင်စင်စေရမယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ပြီးရင် နောက်တနှစ် ၂၀၁၅ ခုနှစ်က
အာဆီယံဒေသတွင်း နိုင်ငံတွေအားလုံး မူးယစ်ဆေးဝါး ကင်းစင်စေရမယ်လို့ စီမံကိန်း
ချထားတာ ရှိပါတယ်တဲ့။ ဒီလိုပြောထားသလို ဖြစ်လာအောင်ကတော့ မြန်မာနိုင်ငံ
အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိနေတာတွေ၊ ဘိန်းစိုက်ပျိုးနေတာတွေကို
သိသိသာသာ လျော့ကျသွားအောင်လုပ်မှ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ မြန်မာပြည်ဟာ ကမ္ဘာ့ဘိန်းအထွက်ဆုံး တိုင်းပြည်တွေထဲမှာ ဒုတိယလိုက်နေ
လို့ပါပဲတဲ့။

မြန်မာပြည် မဟုတ်တဲ့ တခြားတိုင်းပြည်တွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး
ထူးခြားတာတွေရော အစီရင်ခံစာထဲမှာ ဘာတွေပါသေးလဲရှင့်။

ထူးခြားတာကတော့ မက္ကဆီကိုနိုင်ငံပါ။ အမေရိကန်နိုင်ငံနဲ့ ကပ်လျက်ရှိတဲ့ တိုင်းပြည်
မှာ မူးယစ်ဆေးဝါးပြဿနာက တော်တော်ကြီးနေတာပါ။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်း
မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို နှိမ်နင်းရေးလုပ်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း
လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်တဲ့။ မက္ကဆီကိုသမ္မတကလည်း
သူ့တိုင်းပြည်အတွင်းက မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်သားတွေ ထောင်နဲ့ချီ
သုံးစွဲခဲ့ရပါတယ်။ အခုရက်ပိုင်းတွေအတွင်းမှာကိုပဲ အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ
မူးယစ်ဆေးဝါးဂိုဏ်းတွေ အချင်းချင်း တိုက်ပွဲတွေဖြစ်ပွားနေလို့ မဆိုင်တဲ့ပြည်သူတွေပါ
သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီလို အချင်းချင်းတိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့်
မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေက ထိရောက်အောင်မြင်တယ်လို့ ဆိုရမှာပဲဆိုပြီး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ
ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG