သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးတွေနဲ့ ဒေသတွင်းလူ့အခွင့်အရေး အဖွဲ့တွေ တွေ့ဆုံရာမှာ မြန်မာအဖွဲ့တွေ တက်ခွင့်မရ


ဒီကနေ့ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးမှာ ထူးခြားတဲ့အစီအစဉ်တရပ်ကတော့ တက်ရောက်လာတဲ့ နိုင်ငံအကြီးအကဲ ခေါင်းဆောင်တွေနဲ့ ဒေသတွင်းအစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ တွေ့ဆုံမယ်ဆိုတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံအားလုံးလိုလိုက လက်ခံပေမယ့် မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံက သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် မြန်မာ့လူ့အခွင့်အရေးအဖွဲ့တွေ တက်ရောက်ပါဝင် ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီအကြောင်း အပြည့်အစုံ သိရအောင် အခု အာဆီယံ အစည်းအဝေးကို ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဒေါ်ခင်စိုးဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီအစည်းအဝေးကို မြန်မာ့လူ့အခွင့်အရေးအဖွဲ့တွေ တက်လို့မရဘူးဆို၊ ဘာကြောင့်လဲ ဆိုတာ ပြောပြပေးပါဦးရှင့်။ -

“အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဌ အိမ်ရှင် ထိုင်းနိုင်ငံက အာဆီယံအသင်းကြီးကို ကျစ်လစ်ခိုင်မာတဲ့ လူထုကို အခြေခံတဲ့အဖွဲ့ကြီးဖြစ်အောင် ပြန်လည်စုစည်းကြမယ် ဆိုပြီးတော့ ဒေသတွင်း လူထုအခြေပြုအဖွဲ့တွေကို အာဆီယံ အသင်းကြီးနဲ့ တသားတည်းကျအောင် ကြိုးပမ်းခဲ့တာပါ။ ဒီနှစ် ထိပ်သီးညီလာခံမှာ အာဆီယံ ၁၀ နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ မွန်းလွဲပိုင်းမှာ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ အစီအစဉ်ပါ တရားဝင်ထည့်သွင်း ရေးဆွဲခဲ့တာပါ။ ဒါပေမဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် တို့က လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် တွေထဲမှာ မြန်မာနဲ့ကမ္ဘောဒီးယား ကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့မယ် ဆိုရင် သူတို့ အစည်းအဝေးကို မတက်ဘူးလို့ ပြောတဲ့အကြောင်းကို မနေ့ည ညနက်ပိုင်းကမှ လူထုအခြေပြု အဖွဲ့တွေရဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူးကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အကြောင်းကြားခဲ့တာလို့ သိရပါတယ်။ အသင်းဝင် ၁၀ နိုင်ငံ မဆုံလို့ရှိရင် ထိပ်သီးအစည်းအဝေး အထ မမြောက် မှာကို ထိုင်းနိုင်ငံက အတော်လေးကို စိုးရိမ်နေပါတယ်တဲ့။ နောက် အိမ်ရှင်ထိုင်းနိုင်ငံ မျက်နှာပျက်မှာ စိုးတဲ့အတွက်ကြောင့်မို့ လို့ မြန်မာနဲ့ ကမ္ဘောဒီးယား ကိုယ်စားလှယ် အစည်းအဝေး ခမ်းမ အပြင်မှာပဲနေဖို့ သဘောတူခဲ့တယ်လို့ ဆက်သွယ် ညှိနှိုင်းရေးမှူးက ပြောပြပါတယ်။ အဲဒီ အာဆီယံ ထိပ်သီးခေါင်းဆောင် ၁၀ ယောက်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် ၈ ဦး တွေ့ဆုံမှုဟာ မိနစ် ၃၀ ကြာတာဖြစ်ပါတယ်။ အဲဒီ မိနစ် ၃၀ ထဲက ၁၀ မိနစ် ကို ချန်ပြီးတော့ အိမ်ရှင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိုက်ချာချီ၀ နဲ့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန် တို့က ကမ္ဘောဒီးယား ကိုယ်စားလှယ် ပွန်ဆွန်မနီ နဲ့ မြန်မာကိုယ်စားလှယ် မခင်ဥမ္မာ တို့ကို ထွက်ပြီး တွေ့ဆုံနုတ်ဆက် စကားပြောခဲ့တယ်လို့ မခင်ဥမ္မာ က ဗွီအိုအေကို အခုလို ပြောပြပါတယ်ရှင်။”

မခင်ဥမ္မာ။ ။ “နအဖ ရဲ့ ဒီလိုလုပ်ရပ်က အာဆီယံချာတာမှာ သူတို့ လက်မှတ်ထိုးထားတာကို သူတို့ မလိုက်နာတာပဲ ဖြစ်တယ်။ အာဆီယံဟာ ရှေ့ကို ဆက်ပြီးတော့မှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တကယ်ပြည့်ပြည့်၀၀ လိုက်နာကျင့်သုံးဖို့ အတွက် ကြိုးစားမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့အတွက်က ပထမဆုံး အရေးကြီးတာဖြစ်တယ်။ ဒါကြောင်မို့လို့ ကျမတို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပြီးတော့မှ ၂၀၀၈ ခုနှစ် နအဖ ရဲ့ ဖွဲ့စည်းပုံကို ပြန်ပြီး လေ့လာသုံးသပ်ဖို့၊ တွေ့ဆုံဆွေးနွေးပွဲကို နအဖ ရောက်လာဖို့အတွက်ကို အာဆီယံကနေပြီးတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာနဲ့ ပေါင်းပြီးတော့ ကြိုးစားလုပ်ဆောင်ပေးပါ။ ဒါကို ကျမတို့ တင်ပြဖြစ်ပါတယ်။ နအဖ ရဲ့ ဒီလိုမျိုး လုပ်ရပ်တွေနဲ့ ကျမတို့ civil society တွေ လူထုအခြေပြုအဖွဲ့တွေရဲ့ ပါဝင်မှုတွေနဲ့ပတ်သက်ပြီးတော့မှ သူတို့လုပ်ရပ်က သက်သေပြတာ ဖြစ်တဲ့အပေါ်မှာ ထိုင်းနိုင်ငံ အပါအဝင် ဒီမိုကရေစီနိုင်ငံတွေက အာဆီယံထဲမှာ ဦးဆောင်ပြီးတော့မှ အာဆီယံ ချာတာ တကယ်အသက်ဝင်လာဖို့အတွက်ကို ကြိုးစားပေးဖို့ကိုလည်း ပြောဖြစ်ပါတယ်။ ကျမတို့အားလုံးရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့မှလည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရော၊ နိုင်ငံခြားရေးဝန်ကြီးကိုရော ကျမတို့အနေနဲ့ စိတ်ပူတဲ့ အပေါ်မှာလည်း ဒီ စိတ်ပူမှုတွေကို သူတို့အနေနဲ့ သိတယ်၊ ကြားတယ်။ သူတို့အနေနဲ့လည်း တတ်နိုင်သမျှ ဒါကို သူတို့ဘက်ကနေပြီးတော့မှ ဒါကို လုပ်ပေးမယ်ဆိုတဲ့ဥစ္စာကို၊ မြန်မာနိုင်ငံကိစ္စကို သူတို့ ဆွေးနွေးမယ် ဆိုတဲ့ ဟာတွေကို တရားဝင် အစည်းအဝေးထဲမှာလည်း ပြောသွားပါတယ်ရှင့်။”

“ဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းတွေထဲမှာ မြန်မာပြည်ရဲ့ လူထုကို ကိုယ်စားပြုတဲ့ မခင်ဥမ္မာ ပြောပြသွားတာ ဖြစ်ပါတယ်။ အာဆီယံအသင်းကြီးဟာ နိုင်ငံခေါင်းဆောင်တွေနဲ့ သံတမန်တွေအတွက်ပဲ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ ပြည်သူလူထု ပါဝင်ဖို့ ဖွဲ့စည်းထားတာလို့ ပြောနေတဲ့ အိမ်ရှင် ထိုင်းနိုင်ငံအတွက်ကတော့ ဒီကနေ့ အဖြစ်အပျက်ဟာ အတော်လေး ကသိကအောင့် ဖြစ်စရာလို့ ပြောရမှာပါ။ ဒါနဲ့ တဆက်တည်းမှာပဲ အာဆီယံ အသင်းကြီးအနေနဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတာနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ကနေပြီးတော့ အာဆီယံ အသင်းဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာရှယ်လ်ကို သီးသန့်တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ မြန်မာစစ်အစိုးရက နိုင်ငံရေးလုပ်ငန်းစဉ် ၇ ချက်အရ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမယ့်အပေါ် ကုလသမဂ္ဂ အပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ အမြင်နဲ့ပတ်သက်ပြီးတော့ သံအမတ်ကြီး စကော့မာရှယ်လ် က အခုလို သုံးသပ်ပါတယ်။”

စကော့မာရှယ်လ်။ ။ “အတိုက်အခံ အများစုနဲ့ မြန်မာပြည်သူလူထု အများစုကို ချန်လှပ်ထားတဲ့ ဘယ်နိုင်ငံရေး ဖြစ်စဉ်ပဲဖြစ်ဖြစ် ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲ လူအများစု မပါဝင်ဘဲ သူတို့ဘာသာ သူတို့
လျှို့ဝှက် ရေးဆွဲလာတဲ့ အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးခြင်း မပြုဘဲနဲ့ ဒီအတိုင်း ရွေးကောက်ပွဲ လုပ်သွားမယ်ဆိုရင်တော့ ရလဒ်ကောင်း ပေါ်ထွက်နိုင်စရာ မရှိပါဘူး။”

“မြန်မာ့ဒီမိုကရေစီရေးအတွက် အထီးကျန်ပစ်ပယ်ထားပြီးတော့ တားဆီးပိတ်ဆို့မှုတွေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူတာ ကလည်း အလုပ်မဖြစ်၊ ထိတွေ့ဆက်ဆံခွင့်ဟာလည်း မထိရောက်ဘူး ဆိုတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘယ်ပုံဘယ်နည်း ဘယ်လို မဟာဗျူဟာတွေနဲ့ ချဉ်းကပ်မလဲ ဆိုတာကို လောလောဆယ် သုံးသပ်နေဆဲပဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီ ထိပ်သီးညီလာခံမှာလည်း အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန် ကို တရားဝင် အစည်းအဝေးတွေမှာရော၊ အစည်းအဝေး ပြင်ပ အလွတ်သဘော တွေ့တဲ့အခါမှာရော နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် တိုက်တွန်းနေကြလိမ့်မယ် ဆိုတာကို သူ ယုံကြည်တဲ့အကြောင်းကိုလည်း သံအမတ်ကြီး စကော့မာရှယ်လ် က ပြောပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG