သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အချိန်အခါကောင်းကို လက်လွတ်မခံဖို့ အာဆီယံအတွင်းရေးမှူးချုပ် တိုက်တွန်း


မြန်မာနိုင်ငံမှာ အခုအချိန်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေလုပ်ဖို့
အကောင်းဆုံးအချိန်ပဲလို့ လက်ရှိ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်
ပစ်ဆူဝန် (Surin Pitsuwan) က ပြောကြားလိုက်ပါတယ်။ အမေရိကန် အပါအဝင်
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒတွေကို ပြန်ပြီးသုံးသပ်နေချိန်
ဖြစ်လို့ အခုအချိန်ကို အခွင့်ကောင်းယူပြီး မြန်မာစစ်အစိုးရဘက်က ပြုပြင်ပြောင်းလဲရေး
တွေ လုပ်သင့်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်က ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့်
မေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကပြီးသွားတဲ့ အာဆီယံ
နှစ်ပတ်လည် ထိပ်သီးညီလာခံ နောက်ဆုံးနေ့မှာ ဘန်ကောက်ရောက် ဗွီအိုအေ
ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ဒေါက်တာ ဆူရင် ပစ်ဆူဝန်နဲ့ သီးသန့် ဆက်သွယ်
မေးမြန်းပြီး တင်ပြပေးထားပါတယ်။

၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံအတွင်းမှာ ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံ
တကာအသိုင်းအဝန်းက စိတ်ဝင်တစား စိုးရိမ်မကင်းဖြစ်နေရတဲ့ မြန်မာနိုင်ငံ
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေက
ကြိုးစားတိုက်တွန်းခဲ့ကြတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်
ပစ်ဆူဝန်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အခု အသစ်ပွင့်လန်းလာတဲ့ အခွင့်ကောင်းကို အသုံးချ
ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး
အတွက် တွေ့ဆုံဆွေးနွေးပါ၊ ထိတွေ့ဆက်ဆံပါလို့
ဝိုင်းပြီး အားပေးတိုက်တွန်းခဲ့ကြပါတယ်။ အာဆီယံ
အသင်းကြီးက တဆင့်ပဲဖြစ်ဖြစ်၊ အာဆီယံနဲ့ အတူတူပဲ
ဖြစ်ဖြစ်၊ အာဆီယံအသင်း အပြင်ဘက်ကနေပဲဖြစ်ဖြစ်
မြန်မာ့နိုင်ငံရေးအတွက် ဘုံသဘောတူညီချက်တွေကို
ရှာဖွေနိုင်ပါတယ်။ မြန်မာ့အရေးအတွက် အာဆီယံနဲ့
အတူတူ ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင် အပြန်
အလှန် ကူညီနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီအချိန်အခါကို
အခွင့်ကောင်းယူပြီး ပြုပြင်ပြောင်းလဲရေးအတွက်
အသစ်ကနေပြန်စဖို့ စစ်အစိုးရခေါင်းဆောင်တွေကို အာဆီယံခေါင်းဆောင်တွေက
တိုက်တွန်းခဲ့ကြတယ်” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက ကမ္ဘာတဝန်း တခြား
ပြဿနာတွေ အပါအဝင် မြန်မာနိုင်ငံအပေါ် ရပ်တည်ချက် သဘောထားတွေကိုလည်း
ပြန်ပြီးသုံးသပ်နေတဲ့အချိန် ဖြစ်တာမို့ မြန်မာစစ်အစိုးရအနေနဲ့ ဒီအချိန်အခါကို အခွင့်
ကောင်းယူပြီး သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ပြန်သုံးသပ်ကြဖို့အတွက်
အာဆီယံခေါင်းဆောင်တွေက ဝိုင်းပြီး အားပေးတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် အာဆီယံထိပ်သီးညီလာခံရဲ့ ထူးခြားချက်ဖြစ်တဲ့ အာဆီယံထိပ်သီးခေါင်းဆောင်
တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံကြမယ့် အစီအစဉ်
မှာ မြန်မာနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေရဲ့ ကန့်ကွက်မှုကြောင့် မြန်မာနဲ့
ကမ္ဘောဒီးယားရဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်မတက်
ရောက်ဘဲ နေခဲ့ရတဲ့အဖြစ်နဲ့ ပတ်သက်ပြီး ဒေါက်တာ ဆူရင် ပစ်ဆူဝန်က လူထု
အခြေပြုအဖွဲ့တွေနဲ့ တွေ့မယ်ဆိုရင် ဘယ်သူနဲ့ဖြစ်ဖြစ် တွေ့ရမှာပါ၊ ဘယ်သူနဲ့တော့
တွေ့မယ်၊ ဘယ်သူနဲ့တော့ မတွေ့နိုင်ဘူးလို့ ရွေးချယ်လို့မရပါဘူး၊ တွေ့ချင်တဲ့လူနဲ့မှ
တွေ့မယ်ဆိုတာကတော့ တခုခု လွဲချော်နေတဲ့သဘော ဆောင်နေပါတယ်၊ ဒါဟာ
အာဆီယံနိုင်ငံ ၁၀ နိုင်ငံအကြားမှာ မတူကွဲပြားတဲ့အမြင်တွေ ရှိတယ်ဆိုတာကို ပြသရာ
ရောက်ပါတယ်လို့ ပြောပြပါတယ်။

“လူထုအခြေပြု အဖွဲ့အစည်းတွေကို ဒီလို တွေ့ဆုံဆွေးနွေးပွဲတွေကနေ ရာသက်ပန်
ပစ်ပယ်လို့မရဘူးဆိုတာကို သဘောပေါက်လာကြလိမ့်မယ်လို့တော့ တွေးလို့ရပါတယ်။
ဒါဟာ အနှောင်းသေချာစေဖို့ အစကောင်းတဲ့သဘောမို့ ဒီကနေဆက်ပြီး ခရီးဆက်
ကြဖို့ပဲရှိတယ်” လို့ သုံးသပ်သွားပါတယ်။

မြန်မာ့အရေးအတွက် အာဆီယံထိပ်သီးညီလာခံရဲ့ တရားဝင်စည်းဝေးမှတ်တမ်းမှာ
ထည့်သွင်းဖို့အရေး ခေါင်းဆောင်တွေ တိုင်ပင်ခဲ့ပုံကိုလည်း ဒေါက်တာ ဆူရင်
ပစ်ဆူဝန်က ရှင်းပြပါတယ်။

“မြန်မာ့အရေးအတွက် လူထုကိုတင်ပြဖို့၊ အသိပေးဖို့အတွက် အတော်လေး ဆွေးနွေး
ညှိနှိုင်းခဲ့ရပါတယ်။ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ကို နိုင်ငံရေးအခြေအနေ ဝိုင်းပြီး
မေးကြတော့ သူကလည်း ပြန်ဖြေပါတယ်။ ကျန် အာဆီယံခေါင်းဆောင်တွေက
ဝိုင်းနားထောင်ကြပြီး သူတို့ စိုးရိမ်မကင်း ဖြစ်ရတာတွေကို အလေးအနက် ထုတ်ဖော်
ပြောဆိုခဲ့ကြတယ်။ ဒီလိုပြောဆိုဆက်ဆံခြင်းဖြင့် အပြောင်းအလဲတွေကို အထောက်
အကူ ဖြစ်စေပါလိမ့်မယ်လို့ ယုံကြည်ကြောင်း” ပြောပြသွားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အရေးနဲ့ ပတ်သက်လို့တော့ တရားမဝင် ရွှေ့ပြောင်းလာတဲ့
ဒုက္ခသည်တွေအရေးနဲ့ အားလုံးခြုံပြီး ဒီလကုန်ပိုင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ
ပြုလုပ်မယ့် ဘာလီဆွေးနွေးပွဲမှာ ဆွေးနွေးသွားမယ်လို့သာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG