သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီနီဘဆောင်သမ္မတ လုပ်ကြံသတ်ဖြတ်ခံရ


အာဖရိကအနောက်ဘက် ကမ်းရိုးတန်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဂီနီဘဆောင်နိုင်ငံမှာ စစ်ဦးစီးချုပ် ဗုံးခွဲသတ်ဖြတ်ခံရပြီး နာရီပိုင်းအတွင်းမှာပဲ တပ်တွင်းပုန်ကန်မှု လုပ်ဆောင်တဲ့ စစ်သားတွေက နိုင်ငံသမ္မတ ယောင် ဘာနာဒိုဗီအဲရား (Joao Bernardo Vieira) ကို လုပ်ကြံလိုက်ကြပါတယ်။

သတ်ဖြတ်ခံရတဲ့ စစ်ဦးစီးချုပ် တပ်ခ်မီ န ဝိုင်း(Batista Tagme Na Waie) ကို သစ္စာခံတဲ့စစ်သားတွေက သမ္မတဗီအီးရား အိမ်ကနေထွက်ပြေးဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ တနင်္လာနေ့ လင်းအားကြီးအချိန်မှာ သမ္မတအိမ်တော်ရာကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇာမိုရာ အင်တူတာက ဒါဟာ နိုင်ငံတော်အာဏာသိမ်းမှု
မဟုတ်ပါဘူး၊ သမ္မတကို သတ်တဲ့သူကို မတွေ့သေးပါဘူးလို့ သတင်းထောက်တွေကို
ပြောသွားပါတယ်။

စစ်တပ်ရေဒီယိုက အစောပိုင်း ကြေညာချက်ထုတ်ပြန်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါတယ်၊ ဒီမိုကရေစီကိုလည်း သူတို့ တန်ဖိုးထားပါမယ်လို့ စစ်တပ်က ပြောသွားပါတယ်။

အခြေခံဥပဒေအရဆိုရင် ရက် ၆၀ အတွင်းမှာ ရွေးကောက်ပွဲမတိုင်ခင်အထိ လွှတ်တော်ဥက္ကဋ္ဌ ရိုင်မန်ဒို ပီရဲယား (Raimundo Perreira) က အာဏာကို ယူထားရမှာ ဖြစ်ပါတယ်။ မြို့တော်ဘဆောင်မှာတော့ ညဘက်မှာ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ ကြားခဲ့ရပြီး နေ့ဘက်အချိန်မှာ တည်ငြိမ်သွားခဲ့ပါတယ်။

အခုလုပ်ကြံခံခဲ့ရတဲ့ သမ္မတ ယောင် ဘာနာဒို ဗီအဲရားဟာ ဂီနီဘဆောင်နိုင်ငံကို ၂၃ နှစ်ကြာ အုပ်ချုပ်လာခဲ့တာဖြစ်ပြီး အသတ်ခံရတဲ့အချိန်မှာ အသက် ၆၉ နှစ်ရှိပါပြီ။ သူ့ကိုဖြုတ်ချဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ကြပါဘူး။ သူဟာ ၁၉၉၄ခုနှစ် နိုင်ငံရဲ့ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပခဲ့စဉ်က အနိုင်ရပြီး သမ္မတဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၉ မှာ ပြည်တွင်းစစ်ဖြစ်ပြီး သူဟာ နိုင်ငံကနေ တိမ်းရှောင်ခဲ့ရပေမဲ့ ၂၀၀၅ ခုနှစ်မှာ နိုင်ငံကိုပြန်ရောက်လာပြီး သမ္မတအဖြစ်နဲ့ ပြန်အရွေးချယ်ခံရသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG