သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်းသင့်ဒေသ လယ်သမားများ နာလန်မထူနိုင်သေး


မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းဒဏ်ခံခဲ့ရတာ ဒီကနေ့ဆိုရင် ၁၀ လ ပြည့်ခဲ့ပါပြီ။ မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့ အခါသမယဖြစ်တဲ့ ဒီကနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် လေဘေးဒဏ် ၁၀ လပြည့်ချိန်မှာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြတဲ့ ဆိုင်ကလုန်းလေဘေးဒဏ်သင့်ဒေသက လယ်သမားတွေရဲ့
အခြေအနေတွေကတော့ နာလန်မထူနိုင်သေးဘဲ ဖြစ်နေဆဲလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို နာဂစ်ဆိုင်ကလုန်းလေဘေးဒဏ် ခံခဲ့ရတာ ၁၀ လ ပြည့်တဲ့ အချိန်ရောက်လာပေမဲ့ လေဘေးဒဏ်သင့်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းမှု အခြေအနေတွေ
နဂိုအတိုင်း ပြန်မဖြစ်နိုင်သေးဘဲ ဖြစ်နေရတာပါ။ လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းထဲက လေဘေးဒဏ်သင့်သူတွေအနေနဲ့ ပြန်လည်ထူထောင်နိုင်ရေး ကြိုးပမ်းနေပေမဲ့လည်း လက်ရှိ ကမ္ဘာနဲ့ အဝှမ်း စီးပွားရေးအကျပ်အတည်း ကြုံနေရတာ၊ စပါးဈေးတွေ ကျဆင်းနေတာနဲ့အတူ အစစ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်စွမ်း မရှိနိုင်သေးဘဲ ဖြစ်နေရတာပါ။ လေဘေးဒဏ်အဆိုးရွားဆုံးခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတယောက် ပြောပြတာကတော့ …

“လက်ရှိ နာဂစ်မုန်တိုင်း အဓိကထိတဲ့ ရွာပိုင်းဒေသတွေမှာ အန်န်ဂျီအိုအဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေကိုပဲ အဓိက အားကိုး နေရတုန်းပဲ။ အဲဒီမှာ သူတို့က လယ်ယာကဏ္ဍပြန်လည်ပြုပြင်တည်ဆောက်မှု၊ ပြန်လည်စိုက်ပျိုးမှု လုပ်ငန်းတွေကို အားတက်သရော လုပ်ချင်တဲ့ဆန္ဒတွေရှိတယ်၊ လုပ်လည်းလုပ်ကြတယ်။ တကယ်တမ်းတော့ ဒီနှစ်လယ်ယာထွက်ရှိမှုက တော်တော်အားပျော့ပါတယ်။ အောက်ပိုင်းတွေက လယ်ယာကဏ္ဍတွေမှာ တဧကကို ၁၀ တင်း၊ ၁၅ တင်းထက် ပိုမထွက်ဘူး။ အဲဒီလိုပဲ သူတို့ရသလောက် စိုက်ပျိုးကြည့်တာပေါ့။ အထောက်အပံ့၊ ဟိုရဒီရလေးတွေနဲ့ပေါ့။
လယ်ယာအားလုံးတော့ မပြီးဘူး။ ပြီးတဲ့အထဲကမှ သူတို့တွေ တဧကကို ပျှမ်းမျှ ၁၅ တင်းလောက်ပဲ စပါးရတယ်။ တချို့နေရာတွေမှာဆို ဒီတိုင်းသေကုန်ရော။ အဲဒီလိုနေရာမျိုးတွေက အန်န်ဂျီအိုအဖွဲ့တွေရဲ့ အထောက်အပံ့တွေနဲ့ပဲ ရပ်တည်နေရတာ။”

လေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက အခြေအနေတွေနဲ့ပတ်သက်လို့ ဒေသခံတယောက် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တောင်သူလယ်သမားနေ့ သဝဏ်လွှာထဲမှာတော့ မုန်တိုင်းဘေးဒဏ်ခံခဲ့ရပေမယ့် အစိုးရကပြဿနာတွေကို အပူတပြင်း ဖြေရှင်းပေးခဲ့တယ်၊ ပြန်လည်ထူထောင်ရေးတွေကို
ဆောင်ရွက်ပေးခဲ့တယ်ဆိုပြီး ဖော်ပြခဲ့တာပါ။ ရန်ကုန်တိုင်း လေဘေးသင့်ဒေသကလယ်သမားတဦးရဲ့ အမြင်ကတော့ ဒီလိုမဟုတ်ပါဘူး။

“ကျနော်တို့ တောင်သူတွေရဲ့ အမြင်ကတော့ တောင်သူလယ်သမားတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်နိုင်ရေးဆိုရင် လွတ်လပ်မှုတွေ ပေးရမယ်။ တောင်သူတွေ လွတ်လပ်စွာစိုက်ပျိုး ထုတ်လုပ် ရောင်းချနိုင်ခွင့်တွေ ပေးရမယ်။ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ရှိရမယ်။ တောင်သူတွေရဲ့ လယ်ယာပိုင်ဆိုင်မှုတွေ၊ လွတ်လပ်စွာ ရောင်းချပိုင်ခွင့်တွေရဖို့ ရှိဖို့လိုပါတယ်။ ဒါ ဥပဒေနဲ့အညီပြဋ္ဌာန်းပြီး လုံခြုံမှု ဆောင်ရွက်ရတာဖြစ်တယ်။အဲဒါတွေမရှိဘဲနဲ့ သူတို့ပြောနေတဲ့ ကျနော်တို့ တောင်သူ လယ်သမားဘဝရဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အပြောသက်သက်ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ တောင်သူ အများစုက သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောချင်ပါတယ်။ ပြောတဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ရင်ပေါ့ဗျာ၊ တောင်သူလယ်သမားထုတရပ်လုံးက အထူးပဲကြိုဆိုတယ်လို့ ပြောချင်ပါတယ်။”

စစ်အစိုးရခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲမှာတော့ လေဘေးဒဏ်သင့်ခဲ့ပြီးနောက် ယာယီ ခိုလှုံရာစခန်းတွေ ဖွင့်လှစ်ပေးပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစ စီစဉ်ပေးခဲ့သလို စီးပွားရေးလုပ်ငန်းအတွက် အဖက်ဖက်က ပံ့ပိုးပေးခဲ့တယ်ဆိုပြီး
ဖော်ပြခဲ့တာပါ။ မြစ်ဝကျွန်းပေါ် ဒေသခံကတော့ လေဘေးသင့်သူတွေအနေနဲ့ သူတို့ရဲ့ အိပ်မက်ဆိုးက မလွတ်မြောက်နိုင် သေးဘဲ ရှိနေဆဲလို့ ဆိုပါတယ်။

“အခုအချိန်မှာတော့ သူတို့ ယေဘုယျခံစားချက်က သူတို့အရင်ကြုံခဲ့ရတဲ့ အိပ်မက်ဆိုးကြီးကို မေ့နိုင်တဲ့အနေအထား မရှိဘူး။ ဆိုင်ကလုန်းတခုဖြစ်မယ်ဆိုရင် ဒီရွာပတ်ဝန်းကျင်မှာ သိသာထင်ရှားစွာ အကာအကွယ်ယူနိုင်မယ့်၊ လုံလောက်တဲ့ အဆောက်အအုံတွေ အခုထိမရှိဘူး၊ ရွာပတ်လည်မှာ။ ဆိုင်ကလုန်းဖြစ်တဲ့ အဓိကရွာပေါင်း ၂၀၀ နီးပါးမှာ တရွာ နှစ်ရွာ သုံးရွာလောက်မှာပဲ ဆိုင်ကလုန်းရှယ်လ်တာဆိုပြီး လူပေါင်း ၂၀၀လောက်နေနိုင်တဲ့ဟာမျိုးလေးတွေ၊ ဒါလေးတွေ လုပ်ပေး တယ်။ အဲတော့ ရွာပေါင်း၂၀၀ ကျော်၊ ၃၀၀ လောက်ရှိတဲ့နေရာမှာ ဆိုင်ကလုန်းရှယ်လ်တာ ၃ ခုလောက်နဲ့တော့ ဒီလူ တွေ က အကာအကွယ်ယူနိုင်မှာ မဟုတ်ဘူးလေ။ သူတို့စိတ်ခံစားချက်တွေက စိုးရိမ်မှုတွေကတော့ အမြဲတမ်း ရှိနေတာပဲ။”

နာဂစ်ဆိုင်ကလုန်းလေဘေးဒဏ် သင့်ခဲ့တဲ့ ၁၀ လတာ ကာလအတွင်း ကြုံခဲ့ရတဲ့၊ နောက်ပြီး လက်ရှိ ကြုံနေရဆဲဖြစ်တဲ့ အခြေအနေတွေကို ဒေသခံတွေ ပြန်ပြောင်း ပြောပြခဲ့ကြတာပါ။

တကယ်တော့ လေဘေးဒဏ်ခံခဲ့ရတဲ့နောက် နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ကူညီဖို့ ချက်ချင်းဆိုသလို ကမ်းလှမ်းခဲ့တာရှိပေမဲ့လို့ မြန်မာစစ်အစိုးရဘက်က အစောပိုင်းမှာ လက်ခံဖို့ နှောင့်နှေးခဲ့တာပါ။ ဒီအတွက် စစ်အစိုးရအပေါ် ဝိုင်းဝန်းပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့နောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာစီယံ)၊ ကုလသမဂ္ဂ စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကူအညီအထောက်အပံ့တွေကို လက်ခံဖို့ နောက်ပိုင်းမှာမှ သဘောတူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG