ဘဏ္ဍာငွေကြေး အဖွဲ့အစည်းများက အကြီးအကျယ်ဆုံးရှုံးကြောင်း တနင်္လာနေ့က
ကြေညာလိုက်တဲ့အတွက် ကမ္ဘာတ၀န်းမှာ စတော့ခ်ဈေးများ ထိုးကျသွားပါတယ်။
အမေရိကန် စတော့ခ်ဈေးကွက်မှာ ၁၉၉၇ ခုနှစ်နောက်ပိုင်း မကြုံဖူးတဲ့အဆင့်အထိ
ထိုးကျသွားပါတယ်။ အဓိက အညွှန်းကြီးသုံးခုစလုံး ၄% သို့မဟုတ် ၄% ထက်ပိုပြီးတော့
ကျသွားကြတာ ဖြစ်ပါတယ်။
ကုန်ခဲ့တဲ့နှစ်ရဲ့ နောက်ဆုံးသုံးလပတ်အတွင်း အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကျော် အာမခံ
လုပ်ငန်းကြီးဖြစ်တဲ့ AIG က သုံးလအတွင်း ဒေါ်လာဘီလီယံ ၆၀ ဆုံးရှုံးကြောင်း
ကြေညာလိုက်ပြီးနောက် အမေရိကန်စတော့ခ်ဈေးများ အဲဒီလို ကျဆင်းသွားတာ
ဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက AIG အာမခံလုပ်ငန်းကြီး ကယ်တင်ရေးအတွက်
ဒေါ်လာဘီလီယံ ၃၀ နီးပါးသုံးစွဲမယ့် အစီအစဉ်တရပ်ကိုလည်း ဖော်ထုတ်လိုက်ပါတယ်။
ဥရောပဈေးကွက်မှာလည်း HSBC က ၂၀၀၈ ခုနှစ်မှာ ၇၀% လျော့သွားကြောင်း
ကြေညာတဲ့အတွက် စတော့ခ်ဈေးများ ကျသွားတာဖြစ်ပါတယ်။ အရင်းအနှီးငွေကြေး
ဒေါ်လာ ၁၈ ဘီလီယံ လိုအပ်ကြောင်း HSBC က ဆိုပါတယ်။ London Financial Times
၁၀၀ အညွှန်းမှာလည်း ၅ ၁/၃% ကျသွားတယ်လို့ သတင်းရရှိပါတယ်။
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကန်းဆတ်ပြည်နယ်က
ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး ကက်သလင်း ဆီဘဲလီယပ်စ်
(Kathleen Sebelius) ကို သူ့အစိုးရအဖွဲ့ထဲမှာ ကျန်းမာရေးနဲ့ လူ့အရင်းအမြစ်ဌာန
ဝန်ကြီးအဖြစ် လျာထားလိုက်ပါတယ်။
သမ္မတအိုဘားမားက အဲဒီလို လျာထားကြောင်း ကြေညာရင်းနဲ့ အမေရိကန်နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ အင်မတန်အရေးကြီးတဲ့
စိန်ခေါ်မှုကြီးတရပ် ဖြစ်တယ်လို့ မနေ့ကအိမ်ဖြူတော်မှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။