သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ရည်မှန်းချက် လူ့အခွင့်အရေးဘောင်ကို မကျော်နိုင်သေး


အာဆီယံဒေသကြီးကို အခုလက်ရှိ ကြုံတွေ့
နေရတဲ့ ကမ္ဘာ့စီးပွားရေးပြဿနာတွေ
ကြားကနေ ရုန်းကန်ရင်ဆိုင်ပြီး ၂၀၁၅
ခုနှစ်မှာ အီးယူ ဥရောပသမဂ္ဂပုံစံ
ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ့ကြီးတခုအဖြစ် ထူထောင်မယ်လို့
၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး
ဆွေးနွေးပွဲအပြီးမှာ ခေါင်းဆောင်တွေက
ကြွေးကြော်ခဲ့ကြပါတယ်။ ဒေသတွင်း
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့
ဘုံအဖွဲ့အစည်းကြီးတခု ထူထောင်ရေးမှာတောင် အနိုင်နိုင်ဖြစ်နေရတဲ့ အာဆီယံအဖွဲ့
ကြီးအနေနဲ့ အခုလို ကြီးမားတဲ့ ရည်မှန်းချက်ကြီးတခု အကောင်အထည်ဖော်ရေး
ဖြစ်နိုင်ပါ့မလားဆိုတာ ဗွီအိုအေမြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ်
တင်ပြထားပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့ ရည်မှန်းချက်တွေအတိုင်း ဒီနှစ်မကုန်မီ အပြီးသတ်ရမယ့် ကိစ္စတခု
ကတော့ အဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူညီထားပြီးဖြစ်တဲ့ အာဆီယံ လူ့အခွင့်
အရေး ပဋိညာဉ်စာချုပ်အရ အာဆီယံ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု
အဖွဲ့ကြီးတရပ်ကို အခုနှစ် အောက်တိုဘာလမှာ ဖွဲ့စည်းပေးဖို့ ဖြစ်ပါတယ်။ ဒေသတွင်း
လူ့အခွင့်အရေး စံနှုန်းတွေအတိုင်း အဖွဲ့ဝင်နိုင်ငံတွေအားလုံး လိုက်နာစေဖို့ ကြီးကြပ်
ပေးရမယ့် ဒီအဖွဲ့ကြီးဟာ တကယ်တမ်း သြဇာအာဏာရှိတဲ့ အဖွဲ့ကြီးတခု ဖြစ်လာဖို့
တော့ မလွယ်လှပါဘူး။

အခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း လူ့အခွင့်အရေးလှုပ်ရှားမှု လူထု
လူတန်းစား အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့များကြား ဆွေးနွေးပွဲတခုမှာ သက်ဆိုင်ရာ
နိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တခန်းထဲအတူထိုင်ပြီး ဆွေးနွေးဖို့
မြန်မာနဲ့ ကမ္ဘောဒီးယားအစိုးရ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တဲ့လုပ်ရပ်ကို
အာဆီယံအဖွဲ့ကြီးက အလျှော့ပေးခဲ့ရတာကိုကြည့်ရင် ဒီအချက်ဟာ သိသာပါတယ်။

မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာပါရင် အစည်းအဝေးမတက်ဘူးလို့ မြန်မာ
စစ်အစိုးရကိုယ်စားလှယ်က ငြင်းဆိုခဲ့တာပါ။ အော့လ်တ် အာဆီယံ (Alt ASEAN) ခေါ်
လူထုအာဆီယံအဖွဲ့ကြီးရဲ့ခေါင်းဆောင် ဒက်ဘီ စတော့ဟာ့ဒ် (Debbie Stothard)
ကတော့ …

“ကိုယ့်နိုင်ငံက လူထုလူတန်းစား အဖွဲ့အစည်းဝင်တွေနဲ့ ပြင်ပမှာတောင် တခန်းတည်း
အတူတူ ဆွေးနွေးပွဲ မထိုင်နိုင်ဘူးဆိုရင် ဒီလိုအစိုးရတွေအနေနဲ့ ပြည်တွင်းမှာ ပြည်သူ
တွေကို ဘယ်လိုဘယ်ပုံ ဆက်ဆံနေမယ်ဆိုတာ သိပ်ပြီး သိသာလွန်းပါတယ်။” လို့
ပြောဆိုသွားပါတယ်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲရဲ့အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘီဆစ် (Abhisit
Vejjajiva) ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာက အခုလို
ဝိုင်းပြီးဝေဖန်ခံနေရတဲ့ မြန်မာစစ်အစိုးရကို အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက ဝိုင်းပြီး
ဖျောင်းဖျမှုတွေရှိခဲ့ကြောင်း အခုလိုပြောကြားခဲ့ပါတယ်။

“မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့
လိုအပ်ပြီး စီစဉ်ထားတဲ့ လမ်းညွှန်မြေပုံအတိုင်း ဆောင်ရွက်သွားဖို့ ဆိုရာမှာလည်း အဲဒီ
လုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေအားလုံး ပါနိုင်သမျှ ပါဝင်နိုင်အောင် လုပ်ဆောင်
သွားဖို့ လိုအပ်ပါတယ်လို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ
အားလုံး ပါဝင်ခွင့်ရဖို့ စတာတွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။”

ထိုင်းဝန်ကြီးချုပ်က အခုလိုဆိုပေမယ့်လည်း မြန်မာစစ်အစိုးရဘက်ကတော့ တုံ့ပြန်သံ
တစုံတရာ မကြားခဲ့ရပါဘူး။ အလားတူပဲ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ထွက်ပြေး
လာတဲ့ ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေ အရေးမှာလည်း ဒီလူတွေဟာ မြန်မာနိုင်ငံ
ဘက်က ထွက်ပြေးလာတဲ့ ဘင်္ဂါလီအနွယ်ဝင်တွေဖြစ်ကြောင်း သက်သေပြနိုင်ရင်
မြန်မာနိုင်ငံက ပြန်လက်ခံမယ်ဆိုတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ ပြောကြား
သံကိုပဲ ကြားခဲ့ရပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်ကတော့ ဒီကိစ္စကို မြန်မာ့လူ့အခွင့်
အရေးကိစ္စလို့တောင် တိုက်ရိုက်ညွှန်းဆိုခဲ့ခြင်းမရှိဘဲ အိန္ဒိယသမုဒ္ဒရာဝန်းကျင်
နိုင်ငံတွေအကြား ကြုံတွေ့နေရတဲ့ တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်သူများ
အရေးအဖြစ် ဘာလီကျွန်းဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးဖို့ ရှိပါတယ်လို့ပဲ
လမ်းလွှဲသွားခဲ့တာကို တွေ့ရပါတယ်။

အာဆီယံအဖွဲ့ကြီးဟာ ဘယ်လိုအကြောင်းကိစ္စတွေမှာပဲဖြစ်ဖြစ် အဖွဲ့ဝင်တွေအားလုံး
တယောက်မကျန် သဘောတူမှ ဆုံးဖြတ်လုပ်ဆောင်ရမယ်ဆိုတဲ့ အခြေခံမူဝါဒနဲ့အတူ
အဖွဲ့ဝင်အချင်းချင်းတွေအကြား အပြင်းအထန် ဝေဖန်ပြောဆိုမှုတွေကိုရှောင်ပြီး
ဖျောင်းဖျ နားချနေရတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။

အခုလို လူ့အခွင့်အရေးကိစ္စရပ်တွေအပြင် သူတို့ကြွေးကြော်ထားသလို ဥရောပသမဂ္ဂ
ပုံစံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီးတဖွဲ့ ၂၀၁၅ ခုနှစ်မှာ ထူထောင်
သွားမယ်ဆိုတဲ့ ကိစ္စရပ်မျိုးကတော့ နိုင်ငံတခုချင်းစီရဲ့ အကျိုးစီးပွားတွေကို ပိုပြီးတောင်
တိုက်ရိုက်သက်ရောက်မှု ရှိလာစေမယ့် ကိစ္စဖြစ်တာမို့ အားလုံးတညီတညွတ်တည်း
ဘုံသဘောတူညီချက်တခု ရနိုင်ဖို့ဆိုတဲ့ကိစ္စဟာ အတော်လေး ကြိုးစားယူရမယ့်ကိစ္စ
တခု ဖြစ်နေပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG