သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူ့အခွင့်အရေးအဖွဲ့ဟာ စက္ကူကျားရုပ်လို့ ဝေဖန်ခံရ


အာဆီယံပဋိညာဉ်စာတမ်းအရ ဖွဲ့စည်းမယ့် အာဆီယံ လူ့အခွင့်အရေးကောင်စီဟာ
လူ့အခွင့်အရေး မြှင့်တင်ရေးကို ဦးစားပေးသွားမှာ ဖြစ်ပေမဲ့ လူ့အခွင့်အရေး အကာ
အကွယ်ပေးဖို့ လုပ်ပိုင်ခွင့်အာဏာ မရှိတာကြောင့် အသက်မပါတဲ့ စက္ကူကျားရုပ်ပါပဲလို့
ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်လိုက်ပါတယ်။ အာဆီယံ
လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းတွေကို အနီးကပ်လေ့လာနေတဲ့
ထိုင်းနိုင်ငံအခြေစိုက် HREIB မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးဌာန
အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်
မေးမြန်းပြီး တင်ပြပေးထားပါတယ်။

၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ အာဆီယံ လူ့အခွင့်အရေးကောင်စီ
ဖွဲ့စည်းရေးနဲ့ပတ်သက်တဲ့ TOR လို့ခေါ်တဲ့ လုပ်ထုံးလုပ်နည်း ရည်ညွှန်းကိုးကားချက်
တွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက
သဘောတူခဲ့ကြပြီးပြီဆိုတော့ ဒေသတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ လူ့အခွင့်
အရေး အကာအကွယ်ပေးရေးတွေနဲ့ ပတ်သက်ပြီး ဘာတွေများ မျှော်လင့်လို့ရနိုင်
ပါသလဲ။

“ဒီလိုမျိုး ဘာတွေလုပ်ရမလဲ၊ ဘာတွေပါရမလဲဆိုတဲ့ စက္ကူကြီးတခု ပေါ်လာပြီ။
ဒါပေမယ့် ဒီစက္ကူက လူတွေသိအောင်လုပ်တဲ့ အဆင့်မျိုးပဲရှိတယ်။ လူတွေက သိလာလို့၊
အခွင့်အရေး ချိုးဖောက်ခံရလို့ တိုင်လို့ရှိရင် ဒါကို ဘယ်လိုနည်းနဲ့ အရေးယူဆောင်ရွက်
နိုင်မလဲဆိုတဲ့ Protection Mandate က ဒီထဲမှာ လုံးဝမပါဘူး။ အဲတော့ စက္ကူပေါ်မှာပဲ
အသက်ဝင်ပြီး တကယ်တမ်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ကိုက်နိုင်တဲ့ ကျားရဲ့
ပါးစပ်မပါတဲ့ စက္ကူကျားပုံစံပဲဖြစ်နေတာ ကျနော်တို့ တွေ့နေရတယ်။

“အဲဒီလိုသာဖြစ်မယ်ဆိုရင် ပြည်သူလူထုက လူ့အခွင့်အရေးအကြောင်း ဘယ်လောက်
သိသိ တကယ်တမ်း အရေးယူဆောင်ရွက်နိုင်မယ့် စွမ်းအင်မရှိတဲ့ လူ့အခွင့်အရေးအဖွဲ့
အစည်းတရပ် ပေါ်လာရင် အလဟဿပါပဲ။ ပြည်သူလူထုအတွက်လည်း အကျိုးမရှိဘူး၊
ဒီဟာတွေမှာပါဝင်တဲ့ လူတွေအတွက်လည်း အင်အားရှိမှာ မဟုတ်ပါဘူး။”

အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကဆစ်
ပီရွမ်း (Kasit Piromya) က လူထုအခြေပြု အဖွဲ့အစည်းတွေကို ရှင်းလင်းတင်ပြတဲ့
နေရာမှာ လူ့အခွင့်အရေး အဖွဲ့အစည်း ဖွဲ့စည်းဖို့ နောက်ထပ်အချိန် သုံးလေးလ
လောက် ကျန်သေးတယ်။ အဲဒီကျန်တဲ့အချိန်မှာ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့
ကိုယ်စားလှယ်တွေပါ ဒီလုပ်ငန်းစဉ်ကြီးကို ပါဝင်ပြီးတော့ အားဖြည့်ပေးနိုင်တယ်လို့
ပြောထားတာ ရှိပါတယ်။ အဲတော့ ဒီ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်
တွေက ဘယ်သူတွေက ပါဝင်လို့ရမလဲဆိုတာကိုရော သိရပါပြီလား။

“လူထုအခြေပြုအဖွဲ့တွေ ပါဝင်ခွင့်ကို ဒီနေရာမှာ တိတိကျကျ မပြဋ္ဌာန်းသေးပါဘူး။
အဲတော့ ပါဝင်ခွင့်က ဘာကိုပြောတာလဲ။ သူတို့စိတ်ကြိုက် ပြဋ္ဌာန်းထားတဲ့ပုံစံကိုပဲ
သူတို့ ခွင့်ပြုမှာလား၊ သူတို့နဲ့အဆင်ပြေတဲ့လူကိုပဲ သူတို့ လက်ခံမှာလား၊ ဒီဟာကို
တိတိကျကျ မပြဋ္ဌာန်းထားတဲ့အတွက် ရွေးချယ်ခွင့်က အစိုးရမှာရှိနေတယ်။ အဲဒီ
အစိုးရက ခွင့်ပြုမှပဲ ပါနိုင်မယ်ဆိုရင်တော့ စစ်မှန်တဲ့ ပြည်သူလူထု အခြေပြုအဖွဲ့တွေ
ဖြစ်မှာမဟုတ်ဘူး။

“ရေးဆွဲတဲ့မူကြမ်းအရဆိုရင် အာဆီယံ လူ့အခွင့်အရေးအဖွဲ့မှာ ပါမယ့်လူတွေကို
သက်ဆိုင်ရာအစိုးရက တိုက်ရိုက် ရွေးချယ်တင်မြှောက်ရမယ်၊ အဲဒီနေရာမှာလည်း
လူထုတွေကို တိုင်ပင်ရမယ်ဆိုတာ ပါပေမဲ့ ဘယ်လိုမျိုးနည်းနဲ့ ပါဝင်ရမလဲ၊ ဘယ်လို
နည်းနဲ့ ပြည်သူလူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်မှုမှာ ပါဝင်ရမလဲ၊ ဒါကိုလည်း အတိ
အကျ မပြဋ္ဌာန်းထားဘူး။ အဲတော့ တကယ်လို့သာ လူ့အခွင့်အရေး Body တရပ်
ပေါ်လာမယ်ဆိုရင်တောင်မှ ဒီမှာပါလာမယ့်လူတွေရဲ့ အစိုးရနဲ့ ကင်းလွတ်မှုတွေ၊
သီးသန့်လွတ်လပ်မှုတွေ ဒါတွေက မေးခွန်းထုတ်စရာ အများကြီးဖြစ်လာမှာပါပဲ။”

ဒီလူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းရေးကို ဦးဆောင်ပြီး ကမကထလုပ်နေတဲ့
ထိုင်းသံတမန်ကြီး ဆီဟာဆတ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက
တောင်မှ တချို့ကိစ္စတွေမှာ ကိုင်တွယ်နိုင်စွမ်း မရှိတာကြောင့် ဒီလို ဒေသတွင်းအဖွဲ့
ဖြစ်တဲ့ အာဆီယံအသင်းရဲ့ လူ့အခွင့်အရေးကောင်စီအနေနဲ့ ထူထူးကဲကဲ စွမ်းဆောင်
ပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်စေချင်တဲ့အကြောင်းကိုလည်း အရိပ်အမြွက်
ပြောသွားတာ ကြားရပါတယ်။

“အခု သူတို့ရေးဆွဲထားတဲ့ ပထမမူကြမ်းမှာ အရမ်းကို အံ့အားသင့်စရာတခုက အခု
ဖွဲ့စည်းမယ့် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က သူတို့ရဲ့ညွှန်ကြားချက်အတိုင်း
ဆိုရင် အာဆီယံ ၁၀ နိုင်ငံအတွင်းမှာ နိုင်ငံတနိုင်ငံကို တခြားနိုင်ငံတွေက လူ့အခွင့်
အရေးနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေ လုပ်မယ်ဆိုရင် အဲဒီအဖွဲ့ နိုင်ငံတွေရဲ့
ကိုယ်စား အခု အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကနေ ကာကွယ်ပေးရမယ်၊ ဝိုင်းပြီး
တားဆီးပေးရမယ်လို့ ပြောထားတယ်။ အဲတော့ ဒီဟာက ကျနော်တို့အတွက်
တကယ့်ကို ဟာသဖြစ်နေတယ်။

“ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံလို နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုကို
တခြားနိုင်ငံတွေက ဝေဖန်မှုရှိတယ်။ အဲဒီဝေဖန်မှု မှန်လား မမှန်ဘူးလားဆိုတာကို
လွတ်လပ်တဲ့ အဖွဲ့အစည်းတရပ်က တာဝန်ယူပြီးတော့ စုံစမ်းပေးဖို့ရယ်၊ ဒီလူ့အခွင့်
အရေးချိုးဖောက်မှု ရပ်တန့်ပေးဖို့အတွက် လုပ်ရမယ့်အစား ဒီလိုမျိုး တိုင်ကြားမှုတွေ၊
ပြစ်တင်ဝေဖန်မှုတွေကို အဲဒီနိုင်ငံရဲ့ကိုယ်စား ကာကွယ်ပေးရမယ်လို့ ပြောခြင်းက
အခုပေါ်လာမယ့် လူ့အခွင့်အရေးအဖွဲ့အပေါ်မှာ အရမ်းကို ဂုဏ်သိက္ခာတွေ ကျစေမယ့်၊
တကယ်ကို မဖြစ်သင့်တဲ့ ပြောကြားချက်တခုပါပဲ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG