သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာခရစ်ကက်အသင်းကို ပါကစ္စတန်မှာ သေနတ်သမားတွေ ပစ်ခတ်


သီရိလင်္ကာ ခရစ်ကက်အားကစားအဖွဲ့တဖွဲ့ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားကို အမျိုးအမည်မသိ သေနတ်သမားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့အတွက် လူရှစ်ဦးသေဆုံးပြီး ကစားသမား ခြောက်ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့က Gaddafi အားကစားရုံနားမှာ သေနတ်သမား ၁၂ယောက် ထက်မနည်းက ယာဉ်တန်းကို ဒုံးကျည်တွေ၊ လက်ပစ်ဗုံးတွေ၊ မောင်းပြန်သေနတ်တွေနဲ့ အင်္ဂါနေ့မနက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့အကြောင်း လာဟိုးမြို့ရဲချုပ်က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ သူကခေါ်ဆိုပြီး သေနတ်သမား တွေကို လိုက်ရှာနေပြီလို့ပြောပါတယ်။

သေနတ်သမားတွေက လမ်းတွေပေါ်မှာပြေးလွှားပြီး ကားတွေကို ပစ်ခတ်နေတဲ့ပုံတွေကို ပါကစ္စတန်ရုပ်မြင်သံကြားက ထုတ်လွှင့် ပြသခဲ့ပါတယ်။

သေနတ်သမားတွေဟာ ရှေ့ကနေ ဦးဆောင်သွားနေတဲ့ ရဲကားသုံးစီးကို အရင်ပစ်ပြီးမှကစားသမားတွေရဲ့ ဘတ်စ်ကားကို ပစ်ခတ်ခဲ့ကြတယ်လို့ ပါကစ္စတန်နိုင်ငံသားဘတ်စ်ကားယာဉ်မောင်းကပြောပါတယ်။

သီရိလင်္ကာသမ္မတ Mahinda Rajapakse က ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ခေါ်ဆိုပြီး ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။ ကစားသမားတွေ ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လာနိုင်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် ပါကစ္စတန် နိုင်ငံဆီချက်ခြင်းသွားဖို့ နိုင်ငံခြားရေးဝန်ကြီးကို သမ္မတကညွှန်ကြားခဲ့ပါတယ်။

XS
SM
MD
LG