သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်သမ္မတ ဖမ်းဝရမ်း တုံ့ပြန်ချက် မျိုးစုံထွက်


ဆူဒန်သမ္မတ အိုမာ အယ် ဘရှား(Umar al-Bashir)ကို ICC နိုင်ငံတကာ ခုံရုံးကနေ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အတွက် ဆူဒန် နိုင်ငံမှာရှိတဲ့ သူပုန်အဖွဲ့တွေရော တခြားပါတီတွေကပါ ရမ်းကားမှုမရှိဘဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ မြေလှန်ဖျက်ဆီးဖို့ ကြိုးပမ်းကြသူတိုင်း ကိုယ့်ကိုကိုယ် တာဝန်ခံဖို့အတွက် လိုအပ်ပါတယ်လို့ အမေရိကန် နိုင်ငံက ယုံကြည်ကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဂေါ်ဒန် ဒူးဂွတ် က ပြောပါတယ်။ တကယ်လို့ ဆူဒန် သမ္မတ အနေနဲ့ သူ့ကို မဟုတ်မမှန်ဘဲ တရားစွဲဆိုတာလို့ ယုံကြည်ခဲ့ရင် တရားရုံးမှာ ရင်ဆိုင်နိုင်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အဲရက် ရှာဗလင် ကလည်း နိုင်ငံတကာ တရားရုံးကို ဆူဒန်ကနေ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် အာဖရိကသမဂ္ဂ (AU) ဥက္ကဋ္ဌ ရုံပင်း ကတော့ ဆူဒန် နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ နဂိုကတည်းက ပြိုကွဲ ပျက်စီးလွယ် ဖြစ်နေတဲ့အချိန်မို့ သူ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီ ဖမ်းဝရမ်းကြောင့် ဆူဒန်နိုင်ငံရဲ့ အခြေအနေဟာပိုပြီး မငြိမ်မသက် ဖြစ်လာနိုင်တယ် လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG