သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်သမ္မတ ဖမ်းဝရမ်း တရုတ်ဆန့်ကျင်


ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံးကနေ ဆူဒန်သမ္မတအပေါ် ဖမ်းဝရမ်းထုတ်တာကို တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပြီး၊ ဒီလို လုပ်တာကြောင့် စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ဆူဒန်နိုင်ငံရဲ့အခြေအနေ တည်ငြိမ်ဖို့ အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Alison Klay တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ သတင်း ရေးသား ပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဆူဒန်သမ္မတ အိုမာ အယ်လ် ဘရှားကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးကနေ ဖမ်းဝရမ်းထုတ်လိုက်တာဟာ ဝမ်းနည်းဖို့ ကောင်းတယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုပါတယ်။

ဒီ စီရင်ချက်ဟာ ဒါဖောဒေသ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတာ တရုတ်နိုင်ငံအနေနဲ့ မယုံကြည်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ချင်ဂန်းက သတင်းထောက်တွေကို ဒီကနေ့ ပြောဆို လိုက်တာပါ။

အခုလိုအခြေအနေမှာ အိုင်စီစီကနေ ဒီအမှုကိစ္စကို ကိုင်တွယ်ကြားနာမှုမလုပ်ဖို့ အာဖရိကသမဂ္ဂ အာရပ်အဖွဲ့ချုပ်နဲ့ ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှုအဖွဲ့တို့က မေတ္တာရပ်ခံထားတာကို ကုလသမဂ္ဂအနေနဲ့ ဂရုပြုလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တရုတ်ဘာသာစကားနဲ့ပြောတာပါ။

ဆူဒန်သမ္မတ ဘာရှားကို စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု အမှု ခုနှစ်မှုနဲ့ အိုင်စီစီ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံးကနေ ဗုဒ္ဓဟူးနေ့မှာ စွဲချက်တင်လိုက်တာပါ။ ဒီစွဲချက်တွေထဲမှာ လူသတ်မှု အတင်းအဓမ္မ လိင်စော်ကားမှုနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေပါပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့အခြေစိုက် အိုင်စီစီ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုခုံရုံးအနေနဲ့ နိုင်ငံအကြီးအကဲတဦးကို စွဲချက်တင်ဖမ်းဝရမ်းထုတ်တာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဆူဒန်ရေနံ ပြည်ပတင်ပို့မှု သုံးပုံနှစ်ပုံကို ဝယ်ယူသုံးစွဲတဲ့နိုင်ငံပါ။ ဒီစီးပွားရေးသြဇာကို သုံးပြီးတော့ ဒါဖော ဒေသ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရေး မစ္စတာဘာရှားကို ဖိအားပေးဖို့ ငြင်းဆန်တာကြောင့် နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုကိုလည်း ခံရပါတယ်။ တရုတ်ဟာ ဆူဒန်နိုင်ငံကို လက်နက်ငယ်တွေ ရောင်းချနေတယ်လို့ ယုံကြည်ရပြီး၊ ဆူဒန် အစိုးရ ဟာဒီလက်နက်တွေကို ဒါဖောအကြမ်းဖက်မှုတွေမှာ အသုံးချနေတယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့လည်း ဒီဒေသအတွင်း တည်ငြိမ်မှုရဖို့ တရုတ်အနေနဲ့ ကြိုးပမ်းနေပြီး၊ ဒါဖောဒေသမှာဆိုရင် တရုတ်က ငြိမ်းချမ်းရေးထိန်း တပ်သား ၃၁၅ဦး စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရသူက ဆိုပါတယ်။

အာဖရိကသမဂ္ဂနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်တွေ ပူးတွဲထားတဲ့ လက်ရှိ ညိနှိုင်းဆောင်ရွက်မှုနည်းနာဟာ ဒါဖော ဒေသ ငြိမ်းချမ်းရေးအတွက် လုံလောက်တဲ့ တိုးတက်မှုတွေ ရထားပြီးဖြစ်တယ်လို့ တရုတ်ပြောခွင့်ရသူ ပြောတာပါ။

ဒါဖောဒေသမှာတော့ အစိုးရနောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေနဲ့ သူပုန်အုပ်စုတွေအကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒါဖောပြည်သူအနည်းဆုံး သုံးသိန်း သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ် ဖြေရှင်း ကြဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောက်လျှောက်နှိုးဆော်ခဲ့ကြသလို၊ ဆူဒန်အစိုးရအပေါ် အရေးယူဖို့ လည်း တောင်းဆိုခဲ့ကြရင်း၊ အခုလို အိုင်စီစီကနေ ဆူဒန်သမ္မတကို ဖမ်ဝရမ်းထုတ်တဲ့အဆင့် ရောက်လာတာပါ။ အိုင်စီစီ အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ စွပ်စွဲခံရတဲ့ နိုင်ငံခေါင်းဆောင်တဦးကို ဖမ်ဝရမ်းထုတ်တာ ဒါပထမဆုံးပါ။

XS
SM
MD
LG