အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အလုပ်လက်မဲ့နှုန်း ၈.၁ % အထိ ရှိလာပြီး စီးပွားရေး ကျဆင်းမှု ကြောင့် အလုပ်ပြုတ်သွားသူ ၆၅၁,၀၀၀ ရှိသွားပါပြီ။ သောကြာနေ့ကထုတ်ပြန်တဲ့ အလုပ်သမားဝန်ကြီးဌာန ရဲ့ အစီရင်ခံစာ အရ အလုပ်လက်မဲ့ဦးရေဟာ ၂၅ နှစ်အတွင်း ၀.၅ % နဲ့ အမြင့်ဆုံးကို ရောက်ရှိလာတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၄ လအတွင်း အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းမှုကြောင့် အလုပ်ထွက်ခဲ့ရသူပေါင်း ၄,၄၀၀,၀၀၀ ကျော် ရှိခဲ့ကြောင်း သတင်းရရှိပါ တယ်။
အဲဒီ အလုပ်လက်မဲ့များ အလုပ်ထွက်ရသူများရဲ့ ဦးရေကို ကြည့်လိုက်ရင် အရင်လထဲမှာ မိမိလက်မှတ်ရေးထိုးခဲ့တဲ့ စီးပွားရေး ဦးမော့ရေး အစီအစဉ် ဘယ်လောက်ထိ အရေးကြီးသေးလဲ ဆိုတာ ပြသတာပဲလို့ သမ္မတ ဘားရက် အိုဘားမား က ပြောပါတယ်။ အလျင်အမြန် ပျက်ယွင်းနေတဲ့ အမေရိကန်စီးပွားရေးနဲ့ပတ်သက်ပြီး သမ္မတ ဘားရက်အိုဘားမား က -
“အမေရိကန်နိုင်ငံမှာ အခုလို အကျပ်အတည်းနဲ့ ကြုံလာတဲ့အခါ ဘေးမှာ ထိုင်နေပြီး ဒီအတိုင်း မျှော်လင့်နေကြမှာ မဟုတ်ဘူး ဆိုတာ ကျနော်သိပါတယ်။ နိုင်ငံရဲ့ သမိုင်းတလျှောက် ဘယ်လောက်ကြီးမားတဲ့ စိန်ခေါ်မှုကြီးပဲဖြစ်စေ အဲဒီလို စိန်ခေါ်မှု ဖြစ်တိုင်း ပြည်သူတွေက အကြံကောင်းဉာဏ်ကောင်းတွေနဲ့ ရဲဝံ့ ပြတ်သားစွာ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီလို အမေရိကန်တို့အဖို့ အလွန်အမင်း အရေးကြီးနေတဲ့ကာလ ကျနော်တို့တတွေ ကိုယ့်အတွက်ကိုယ်ရော၊ နောင်လာ နောက်သား သားသမီးတွေအတွက်ပါ တာဝန်ယူကြရပါလိမ့်မယ်။” - လို့ ပြောကြား ခဲ့ပါတယ်။
အိုဟိုင်းယိုး ပြည်နယ်က ရဲသင်တန်းဆင်းပွဲကို တက်ရောက်နေစဉ် သမ္မတ ဘားရက် အိုဘားမားက အခုလို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။