သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖိနှိပ်ခံမြန်မာရှေ့နေများကိစ္စ ကုလထံတင်ပြမည်


မြန်မာပြည်တွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့် စစ်အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ သူတွေအတွက် ရှေ့နေလိုက်ပေးလို့ အဖမ်းခံထားရတဲ့ ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ ပြန်လွတ်လာ ပေမဲ့လည်း အဖမ်းအဆီးခံနေကြရတဲ့ ရှေ့နေတွေနဲ့ ရှေ့နေလိုက်ခွင့် လိုင်စင် ပိတ်ခံထားရတဲ့ ရှေ့နေတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို အသိဆက်ပေးသွားမယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး AHRC က မြန်မာရှေ့နေ ဦးမင်းလွင်ဦး ကို ကိုကျော်အောင်လွင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ ပြန်လွတ်လာပေမယ့်လည်း သူတို့လိုမျိုးပဲ ဖမ်းဆီးခံနေရတဲ့ ရှေ့နေတွေ လွတ်မြောက်ရေးအတွက် AHRC အဖွဲ့က ကုလသမဂ္ဂကို တင်ပြဖို့ရှိတယ်လို့ ကျနော်တို့ ကြားပါတယ်ခင်ဗျ။ ဒီအကြောင်း ရှင်းပြပေးပါ။ -

“ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့သူတွေရယ်၊ နောက်ပြီးတော့ လူ့အခွင့်အရေးကို ကာကွယ်တဲ့သူတွေရယ် အဲဒီလိုမျိုး အမှုတွေမှာ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေ၊ အကျိုးဆောင်တွေ ကန့်သတ်ခံနေရတယ်။ တချို့လည်း တားမြစ်ခံရတယ်။ တချို့လည်း အကျဉ်းထောင်တွေမှာ အခု သွားစစ်တဲ့အခါ တရားခံစစ်သလို အစစ်ခံရတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ အဲဒီလိုမျိုး အခြေအနေတွေကို နိုင်ငံတကာမှာရှိတဲ့ International Bar Association ရယ်၊ နောက်ပြီးတော့ တခါ လူ့အခွင့်အရေး ကော်မရှင်အောက်မှာရှိတဲ့ လွတ်လပ်သော တရားစီရင်ရေး တရားသူကြီးများနှင့်ရှေ့နေများ အသင်းအဖွဲ့ရယ် အဲဒါတွေကို ကျနော်တို့ ဒီလာမယ့် မတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဂျနီဗာမှာကျင်းပမယ့် အစည်းအဝေးမှာ တင်ပြဖို့အတွက် ကျနော်တို့ စီစဉ်ထားပါတယ်။”

ဟုတ်ကဲ့ခင်ဗျ။ အခုဆိုလို့ရှိရင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် ရှေ့နေအဖြစ် လိုက်ပေးရင်းနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာပြည်က ရှေ့နေ ဘယ်နှစ်ဦးလောက် ရှိပါသလဲခင်ဗျ။ -

“အကျဉ်းကျခံထားရတာက ရှေ့နေ ကိုဖိုးဖြူ ခေါ် ရန်နိုင်အောင် ရယ်၊ နောက်ပြီးတော့ ညီညီထွေး ရယ်။ အဲဒီနှစ်ယောက် ဖြစ်ပါတယ်။”

ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ပတ်သက်တယ် ဆိုပြီးတော့ ရှေ့နေလုပ်ပိုင်ခွင့် လိုင်စင်တွေ ရုပ်သိမ်းခံထားရတဲ့ ရှေ့နေ ဘယ်နှစ်ယောက်လောက် ရှိပါသလဲခင်ဗျ။ -

“ကျနော်တို့ ၁၉၈၈ ခုနှစ်ကနေပြီးတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်အထိပေါ့နော်။ အားလုံး ရှေ့နေပေါင်း ၂၀၇ ဦး ရှိပါတယ်။ ၂၀၇ ဦးမှာ တချို့က သတိပေးခံရတာ ရှိတယ်။ တချို့က နှစ်အကန့်အသတ်နဲ့ လိုင်စင်ရပ်ဆိုင်းခံရတာ ဖြစ်တယ်။ တချို့ကျတော့ လည်း လုံးဝကို တရားရုံးချုပ် ရှေ့နေအဖြစ်ကသော်လည်းကောင်း၊ ရှေ့နေလိုက်ခွင့်လိုင်စင် ကိုသော်လည်းကောင်း ထုတ်ပယ်ခြင်းခံထားရတဲ့သူတွေ ရှိပါတယ်။ အဲတော့ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် လိုင်စင်ကို ထုတ်ပယ်ခံထားရတဲ့ သူပေါင်းက အားလုံး ၁၁၀ ကျော်လောက်ရှိပါတယ်ခင်ဗျ။ အဲဒီလိုမျိုး ထုတ်ပယ်လိုက်တဲ့အထဲမှာ သူတို့အကြောင်းပြတာ ကတော့ ဒီလို ထုတ်ပယ်ခြင်းခံရတဲ့လူ အများစုက မတရားအသင်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်တယ်။ နောက်ပြီးတော့ ပြင်ပကို သတင်းအချက်အလက် အမှားတွေ ပေးပို့တယ်။ အစိုးရရဲ့ ကန့်သတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ ထုတ်ပယ်ခံထားရတာ ဖြစ်ပါတယ်။ အများစုကတော့ ကျနော်တို့ နိုင်ငံရေး အခြေခံကြောင့် ဒီလိုမျိုး ထုတ်ပယ်ခံရတာဖြစ်တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။”

ဟုတ်ကဲ့။ အဲဒီတော့ ရှေ့နေလုပ်ပိုင်ခွင့်ကို ပယ်ဖျက်ထားတဲ့ ရှေ့နေတွေအတွက် ရှေ့နေလုပ်ပိုင်ခွင့် ပြန်လျှောက်ခွင့်ရော ရှိပါသလားခင်ဗျ။ -

“ဒီလိုပါ။ အဲဒီလိုမျိုး ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်ကို ရုတ်သိမ်းတော့မယ် ဆိုလို့ရှိရင် ဘားကောင်စီ အက်ရှိတယ်။ ပုဒ်မ (၁၀/၁) အရ ဘားကောင်စီကနေပြီးတော့ တရားစွဲဆို တင်ပို့ရမှာဖြစ်တယ်။ ဥပဒေတွေအရ တရားရုံးချုပ်ကို တင်ပို့ပြီးတော့ တရားရုံးချုပ်မှာ ခုခံချေပခွင့် ပေးရမှာဖြစ်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ လိုင်စင် ရုတ်သိမ်းခံရတဲ့သူတွေ ထုတ်ပယ်ခံ ရတဲ့ သူတွေက ဒီအခွင့်အရေးကို မရပါဘူး။ အဲတော့ တရားရုံးကနေပြီးတော့ မတရားအသင်း အက်ဥပဒေ နဲ့ပဲဖြစ်ဖြစ်၊ ရာဇဝတ်ပြစ်ဒဏ် တခုခုနဲ့ပဲဖြစ်စေ ပြစ်ဒဏ်ချမှတ်ပြီးပြီ ဆိုလို့ရှိရင် စောစောကပြောတဲ့အဆင့်တွေအတိုင်း မသွားဘဲ တရားရုံးချုပ်ကနေပြီးတော့ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ကို ထုတ်ပယ်လိုက်တာ ဖြစ်တယ်။ ဒါက ကျနော်တို့ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီကို မဟုတ်ဘူး ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။”

အာရှလူ့အခွင့်အရေး ကော်မရှင် (AHRC) က ရှေ့နေဦးမင်းလွင်ဦး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG