အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလရီကလင်တန် က သမ္မတ ဘားရက်အိုဘားမား ဟာ တူရကီနိုင်ငံကို နောက်လ အတွင်းမှာ ခရီးထွက်မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ အီရတ်စစ်ပွဲအတွင်း အမေရိကန်နဲ့ တူရကီ နှစ်နိုင်ငံကြား ဆက်ဆံရေး ပျက်ပြားခဲ့တာကို ပြန်လည်တိုးတက်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က ၀န်ကြီးကလင်တန် ဟာ တူရကီနိုင်ငံ အန်ကာရာ မြို့တော်မှာ တူရကီဝန်ကြီးချုပ် ရီဆပ် တယ်ရစ် အာဒိုဂန် (Recep Tayyip Erdogan) နဲ့ နိုင်ငံခြားရေးဝန်ကြီး အလီ ဘာဘာကန် (Ali Babacan) တို့နဲ့တွေ့ဆုံလို့အပြီး အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ သမ္မတအိုးဘားမားရဲ့ တူရကီ ခရီးစဉ်ဟာ အမေရိကန်နိုင်ငံရဲ့ တူရကီနိုင်ငံနဲ့ ချစ်ကြည်မှုကို တန်ဖိုးထားတယ် ဆိုတာကို ပြသနေတာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဘုရှ် အစိုးရလက်ထက်မှာ အမေရိကန်နဲ့ တူရကီဆက်ဆံရေးမှာ စွန်းထင်းမှုတွေ ရှိခဲ့တာ ဖြစ်ပါ တယ်။ ၂၀၀၃ ခုနှစ် အမေရိကန်တပ်တွေ အီရတ်ကို စတင်စစ်ဆင်ရာမှာ မူဆလင် အများစုနေထိုင်ရာ တူရကီနိုင်ငံက သူ့ ပိုင်နက်မြေ ကို အသုံးပြုခွင့်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
မနေ့က ၀န်ကြီးကလင်တန် ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် တူရကီအစိုးရရဲ့ ကြိုးပမ်းခဲ့မှုတွေအတွက် အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဖဂန်နစ်စတန် မှာ တူရကီစစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း
ဝန်ကြီးကလင်တန် က ချီးကျူးပြောဆိုခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ပါတယ်။