သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးရိုဟင်ဂျာ နှိပ်စက်မခံစေရ၊ မြန်မာ ထိုင်းကို ကတိပေး


ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ မြန်မာပြည်မှာ အရေးယူမခံရဘဲ နိုင်ငံရင်းကို ပြန်ရေးအတွက် စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံက ဆိုပါတယ်။ မတ်လ ၂၃ ရက်နေ့ သူ မြန်မာပြည်ကို သွားရောက်တဲ့အခါ အဲဒီကိစ္စ ဆွေးနွေးမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမြာ (Kasit Piromya) က ပြောကြောင်း တနင်္လာနေ့က ထိုင်းအစိုးရရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို မတော်မတရား လုပ်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံကို ပြန်မပို့ခင် ထိန်းသိမ်းထားတဲ့ ရနောင်းခရိုင်ရှိ စခန်းကို သွားရောက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်က အာမခံ ပြောဆိုတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နိုင်ရေး စနစ်တရပ်လည်း ချမှတ်နိုင်ရေး လိုအပ်သလို လုပ်ဆောင် သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရိုဟင်ဂျာပြဿနာကို နည်း ၄ နည်းနဲ့ ချဉ်းကပ်ပြီး ဖြေရှင်းဖို့ ကြိုးစားနေတယ်၊ ပထမနည်းကတော့ ထိုင်း-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းနည်း၊ ဒုတိယနည်းက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ ပူးပေါင်းဖြေရှင်းနည်း၊ တတိယနည်းက အာဆီယံအသင်းရဲ့ ဖြေရှင်းနည်းနဲ့ နံပါတ် ၄ ကတော့ ၂၀၀၂ ခုနှစ်မှာ
ထူထောင်ခဲ့တဲ့ သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့ ဦးဆောင်တဲ့ Bali Process ခေါ် ဘာလီညီလာခံရဲ့ ဖြေရှင်းနည်းတို့ ဖြစ်ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောဆိုပါတယ်။

မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ကာလအတွင်း စစ်အစိုးရနဲ့ သဘောတူညီချက် ရရှိခဲ့တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်က ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီရိုဟင်ဂျာတွေ မြန်မာပြည်ကလာတာ မဟုတ်ဘူး၊ မြန်မာပြည်မှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားလူမျိုး မရှိဘူး၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် လာရောက်နေကြသူတွေသာ ဖြစ်တယ်လို့ စစ်အစိုးရက ဆိုခဲ့ပြီးနောက် အခု ဒီသဘောတူညီချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

မြန်မာပြည်က ရိုဟင်ဂျာတွေနဲ့ တခြားဒုက္ခသည်များ အလုံးအရင်းနဲ့ ထွက်ပြေးနေတဲ့ကိစ္စ စစ်အစိုးရခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးနေကြောင်းလည်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG