သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ဆိုင်ရာ ကုလ မဟာမင်းကြီး ရခိုင်ပြည်နယ် ခရီးထွက်


လှေစီးပြေး ရိုဟင်ဂျာပြဿနာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှု အစီအစဉ်တွေ မြန်မာနိုင်ငံမှာ ပိုပြီးလုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်ကို ရောက် နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဒီကနေ့မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ခဲ့ပါတယ်။ ဒေသတွင်း နိုင်ငံတွေကြား အချေအတင် ပြောဆို နေရတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးလာရာ ဒေသတခုလို့ ဆိုနေတဲ့ ရခိုင်ပြည်နယ် ဘက်ကို သွားနေတဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယိုဂူတာရပ်စ် (Antonio Guterres) ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါ တယ်။

ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့ အကဲခတ်စုံစမ်းဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ် ဟာ အခုအချိန် မှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်နေ တာပါ။ မြန်မာ စစ်အစိုးရ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံပြီး နောက်တနေ့မှာပဲ ပင်လယ်ပြင်မှာ လှေစီးပြီး ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာ တွေ စွန့်ခွာလာရာ ဒေသတခု လို့ ဆိုနေကြတဲ့ ရခိုင်ပြည်နယ်ဘက်ကို သူ သွားခဲ့တာပါ။

ဒါကြောင့်မို့လို့လည်း မဟာမင်းကြီးရဲ့ ခရီးစဉ် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ပြောခွင့်ရသူ တဦးဖြစ်တဲ့ မစ္စ ရန်တီ အစ္စမေးလ် (Ms. Yante Ismael) ပြောပြတာကတော့ …

“သူ ဒီကနေ့ပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားလိုက်တာပါ။ မနေ့တုန်းကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါ တယ်။ ဒီအထဲမှာ တာဝန်ရှိသူ အတော်များများ ပါပါတယ်။ ဒီအထဲမှာ ပြောနိုင်တာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး၊ ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနတို့ ပါကြပါတယ်။”

မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်အဖြစ် စနေနေ့က မသွားရောက်ခင် မဟာမင်းကြီး ဂူတာရပ်စ်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ပီယိုမြာ (Kasit Piromya) နဲ့လည်း တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာအရေးကိစ္စ ဆွေးနွေးခဲ့တာပါ။ ဒီနောက်မှာတော့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေ၊ ရိုဟင်ဂျာကိစ္စ အပါအဝင် မြန်မာနိုင်ငံထဲက အခြေမဲ့ အနေမဲ့ ရွှေ့ပြောင်းနေထိုင်ကြရ သူတွေ ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ၊ သက်ဆိုင်သူတွေနဲ့ စကားပြောမယ်ဆိုပြီးတော့ ထိုင်းနိုင်ငံက မထွက်ခွာခင် သတင်းထောက်တွေကို ပြောခဲ့တာပါ။ အခုနောက်ဆုံးမှာတော့ မြန်မာစစ်အစိုးရ တာဝန်ရှိသူ တွေနဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

UNHCR ပြောခွင့်ရ အမျိုးသမီးကတော့ ဒီဆွေးနွေးမှုတွေရဲ့ ရလဒ်တွေနဲ့ပတ်သက်လို့ လတ်တလော အသေးစိတ် မပြောနိုင် သေးပေမဲ့ အခုခရီးစဉ်မှာ ရည်ရွယ်ထားတဲ့ အကြောင်းအရာ အတော်များများကို အစိုးရတာဝန်ရှိသူတွေနဲ့ ပြောဆိုနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

“ရိုဟင်ဂျာကိစ္စက မဟာမင်းကြီး ဆွေးနွေးမယ့် ခေါင်းစဉ်တွေထဲမှာ တခုအပါအဝင် ဖြစ်တယ်ဆိုတာ ကျမသိပါတယ်။ ဒါပေမယ့်လည်း အသေးစိတ် အကြောင်းအရာတွေကိုတော့ ကျမ မပြောနိုင်သေးပါဘူး။ ပြောခဲ့သလိုပါပဲ အစိုးရတာဝန်ရှိသူ တွေနဲ့ မဟာမင်းကြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေက ကျယ်ပြန့်တယ်ဆိုတော့ ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းမှာ အခြေပျက် အနေပျက် ရွှေ့ပြောင်းနေထိုင်ကြရတဲ့ ပြဿနာတွေ၊ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ပိုင်းကကိစ္စ စတာတွေ လည်း ပါဝင်မှာပါ။”

မကြာသေးခင် လတွေကစလို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေ ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ပြီး ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေကို ရောက်လာလို့ ဒီကိစ္စကို ဒေသတွင်း ရိုက်ခတ်လာ နေတဲ့ ပြဿနာတခုအဖြစ် ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာပါ ထည့်သွင်းပြောဆိုခဲ့ကြရတာပါ။

အဲဒီတုန်းကတော့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီအထဲက တချို့ဟာ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ထဲမှာ နေကြတဲ့ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ကြတယ်၊ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် ပြန်လက်ခံမယ်ဆိုပြီး ပြောခဲ့တာပါ။ ဒါပေမယ့်လို့ ဒီလို ဒေသတွင်းနိုင်ငံတွေကို ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်ပို့ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ သိသိသာသာ သဘောတူညီချက်မျိုး၊ အဖြေမျိုးတော့ မတွေ့ရသေးပါဘူး။

UNHCR ပြောခွင့်ရ အမျိုးသမီးကတော့ အခု မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်က ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“အခုခရီးစဉ်က ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက အခြေပျက် အနေပျက် ဖြစ်နေရတဲ့ ပြဿနာ တွေကို စူးစမ်းလေ့လာဖို့၊ နောက်ပြီးတော့ ဒါတွေကို ဘယ်လိုကိုင်တွယ်သွားမလဲ၊ အခြေအနေတွေကို တည်ငြိမ်စေဖို့ နောက်ထပ် ခြေလှမ်းသစ်တွေ ဘယ်လိုလှမ်းနိုင်မလဲ၊ ဖြစ်နိုင်စရာရှိတဲ့ အဖြေတခုရနိုင်မယ့် တိုးတက်မှုတွေ ထွက်ပေါ်လာ စေနိုင်မယ့် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးမှာပါ။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရသူတဦးဖြစ်တဲ့ မစ္စ ရန်တီအစ္စမေးလ် ပြောပြသွား တာ ဖြစ်ပါတယ်။

မဟာမင်းကြီးရဲ့ ၆ ရက်တာခရီးစဉ် အဆုံးမသတ်ခင် အတွင်းမှာတော့ အခုလို ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံ အရှေ့ တောင်ဘက်ပိုင်းက ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းဖို့အတွက်လည်း တနင်္သာရီတိုင်း မြိတ်မြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ အဲဒီမှာတော့ ဒေသတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ UNHCR ရုံး တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေမှာ လက်တွဲလုပ်ဆောင်နေတဲ့ တခြားအဖွဲ့အစည်းက သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ မဟာမင်းကြီးက တွေ့ဆုံမှာ လို့လည်း ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG