သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကိုယ်တော်ဆန္ဒပြ ဦးအုန်းသန်း မိသားစုထောင်ဝင်စာ အတွေ့မခံ


၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ တကိုယ်တော် ဆန္ဒပြမှု ကြောင့် ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးအုန်းသန်းဟာ ကလေးအကျဉ်းထောင်မှာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေ ပါတယ်။ မိသားစုအနေနဲ့ ဝေးလံတဲ့ အကျဉ်းထောင်ကို လာရောက်ပြီး ထောင်ဝင် စာ တွေ့ဆုံရတဲ့ဒုက္ခကြောင့် အခုနောက်ဆုံး ဦးအုန်းသန်းဟာ မိသားစုနဲ့ လုံးဝ
တွေ့ဆုံမှု မလုပ်တော့ဘူးလို့ သမီးဖြစ်သူက ပြောပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ဦးအုန်းသန်းဟာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတာတွေ၊ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြ တာတွေကြောင့် အကြိမ်ကြိမ် အဖမ်းခံရပြီး နောက်ဆုံးမှာ ထောင်ဒဏ်တကျွန်းနဲ့ အရေးယူခြင်း ခံလိုက်ရပါတယ်။ အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဦးအုန်းသန်းဟာ ဝေးလံခေါင်သီတဲ့ အကျဉ်းထောင်မှာ နေထိုင်နေရတာကြောင့် အခုအခါမှာတော့ မိသားစုကိုတောင် လက်ခံတွေ့ဆုံခြင်း မရှိတော့ဘဲ ကျန်းမာရေးလည်း ကောင်းမွန်မှုမရှိဘူးလို့ သမီးဖြစ်သူ မအိအိမွန်က အခုလိုပြောပါတယ်။

“အဖေ့မှာ ဆီးသွားတဲ့လမ်းကြောင်း ကျောက်တည်တဲ့ရောဂါ၊ အဲဒါက မန္တလေးမှာတခါ ဆေးရုံတက်လိုက်ရသေးတယ်။ ပြီးတော့ ခန္တီးမှာတုန်းက သွေးတိုးနည်းနည်းရှိတယ်။ အခုနောက်ပိုင်းတော့ ထောင်ဆရာဝန်နဲ့ ပြပြပေးတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကလေးမှာတွေ့တဲ့ နောက်ဆုံးတခေါက်ဆိုရင် အားနည်းတဲ့ ပုံစံပေါက်နေတယ်။ အသက်အရွယ်က လည်း ကြီးနေပြီ၊ ပြီးတော့ ၁၁ လပိုင်းကတည်းက အဖေက မိသားစုကိုလည်း လိုက်မလာနဲ့ဆိုတော့၊ အခုနောက်ပိုင်းလည်း ကျမမြင်တုန်းကလည်း အဖေက အရမ်းကိုပိန်နေတယ်လေ။ အဲတော့ တခုခုဖြစ်မှာလည်း စိုးတယ်။”

ဦးအုန်းသန်းဟာ ထောင်ထဲမှာလည်း အစာငတ်ခံဆန္ဒပြခြင်းကို အကြိမ်ကြိမ်လုပ်ခဲ့ပြီး သူ့ရဲ့ယုံကြည်မှုတွေကို ဖော်ထုတ်ခဲ့ပါ တယ်။ ၁၉၈၈ ခုနှစ်ကစပြီး သူဟာ ထောင်ထဲမှာပဲ အများဆုံးနေထိုင်ခဲ့ရပြီး အပြင်မှာနေထိုင်ခဲ့ရတဲ့ရက်က နည်းပါးခဲ့တယ် လို့ ဆိုပါတယ်။

“ပိန်သွားတယ်ဆိုတာက အဲဒီလိုမျိုးတွေ သူ တခုပြီးတခု လုပ်တာပဲဖြစ်ဖြစ်၊ ဒီလောက် ပိန်နေတာတောင်မှ တခုခုထပ်ဖြစ် သွားရင် လဲဖို့ပဲရှိတော့တယ်။ အဲဒါကြောင့် ကျမကတော့ စိုးရိမ်တယ်။ အခုလို လွှတ်တဲ့အထဲဆိုလည်း ပါစေချင်တယ်။ ပထမ စစထွက်ချင်း အပြင်မှာ ၇ လလောက်ပဲ ကြာကြာနေဘူးတယ်၊ လူအသိုင်းအဝိုင်းနဲ့က။ အမြဲတမ်း ထောင်ထဲမှာချည်းပဲ၊ အမြဲတမ်း အချိန်ပြည့်က။ အဖေ့သက်တမ်း တလျှောက်လုံးကလည်း သူ့ခံစားချက်က ဒီတိုင်းပဲ ဆုံးဖြတ်ထားတော့ ကျမတို့ မိသားစုအနေနဲ့ကတော့ များသောအားဖြင့် ဒုက္ခရောက်ကြတာချည်းပါပဲ၊ မိသားစုတွေ အကုန်လုံးကတော့။”

အခုဆိုရင် သမီးဖြစ်သူရဲ့ ထောင်ဝင်စာတွေ့ရတဲ့ဒုက္ခကို မကြည့်ချင်တော့တဲ့အဆုံးမှာ မိသားစုက ထောင်ဝင်စာ မပို့နိုင် အောင် လုပ်ခဲ့တဲ့အပြင် မိသားစုကို လက်ခံတွေ့ဆုံတာမျိုးကို လုံးဝမလုပ်တော့ဘူးလို့ ဆိုပါတယ်။

“စိတ်ဆိုးအောင်ပြောလိုက်တာက ကျမ ရပ်ဝေးတွေ လိုက်လိုက်လာရတာ သူ စိတ်မဖြောင့်ဘူးတဲ့၊ ခန္တီးမှာတုန်းက သူ စာ တခါ ရေးထားတာ ပြန်သွားရင် ဒီလမ်းခရီးက မိန်းကလေးတယောက်အနေနဲ့ မကောင်းဘူးတဲ့။ ထောင်တို့ ဘာတို့ ဆိုတာ လည်း ဘာမှလိုက်စရာမရှိဘူး။ သူက ယုံကြည်ချက်ကြောင့် လုပ်နေတာတဲ့။ သူ ဘယ်နေရာရောက်ရောက် ဘယ် အစား အစာ ဖြစ်ဖြစ် သူစားလို့ရတယ်တဲ့။ သူ နေတတ်အောင်နေတာ အကျင့်လည်းပါနေပြီတဲ့။ ဒါ အခုမှလည်း မဟုတ်ဘူး၊ နှစ်တွေ က တအားများနေပြီတဲ့။ မလိုက်လာနဲ့တဲ့၊ အဲဒီလို ပြောလိုက်တာ။”

ဦးအုန်းသန်းလို ဆန္ဒပြတဲ့ ၈၈ ကျောင်းသား အမည်ခံထားတဲ့ ကိုအေးလွင်တို့ဟာလည်း အမေရိကန်သံရုံးရှေ့မှာ လူအင်အား နဲ့အော်ပြီး ဆန္ဒပြခဲ့ပေမယ့် အရေးယူမခံရတဲ့အပြင် ဆက်ပြီး တရားဟောခွင့်တွေ၊ စည်းရုံးခွင့်တွေ ပေးထားပြီး ဦးအုန်းသန်း ကိုတော့ ပြန်မလွှတ်ပေးဘဲ ဖမ်းထားခြင်းဟာ မဖြစ်သင့်ဘူးလို့လည်း သမီးဖြစ်သူက ဆက်ပြောသွားပါတယ်။

“သံရုံးရှေ့မှာ ဆန္ဒပြတယ်ဆိုတာ ကိုအေးလွင်တို့အုပ်စုလည်း အရှေ့မှာ အရင်ပြဘူးတော့ အဖေက ဒါတွေက လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်ဆိုပြီး သူလည်း ဆန္ဒပြခဲ့ဘူးတယ်လေ။ ဒါပေမယ့် ကိုအေးလွင်တို့ကိစ္စကြတော့ ဘာမှမဖြစ်ဘဲနဲ့ အဖေ့အလှည့်ကြတော့ တကျွန်းချလိုက်တဲ့အထိ ဖြစ်သွားတယ်ဆိုတော့၊ နောက် အခု အဖေ့အနေနဲ့ကလည်း အရမ်းလည်း အသက်ကြီးနေပြီ။ ဆူပူလှုပ်ရှားတာတွေ၊ တအားကြီး စည်းရုံးခဲ့တာတွေလည်း မဟုတ်ဘဲနဲ့ သူ့ယုံကြည်ချက်ကြောင့် လုပ်ခဲ့တယ်ဆိုတော့ ကျမ သမီးတယောက်အနေနဲ့တော့ အခုအချိန် လွတ်ငြိမ်းချမ်းသာခွင့် လုပ်ပေးမယ်ဆိုရင်တော့ ကျမအဖေအတွက် ကျမ တောင်းဆိုချင်တယ်။”

ဦးအုန်းသန်းဟာ အခုအခါမှာတော့ ကျန်းမာရေးမကောင်းတဲ့အကြောင်း၊ ကလေးထောင်က ပြန်လွတ်လာသူတွေကလည်း ပြောပါတယ်။ အသက်အရွယ် ကြီးလာတဲ့အပြင် ရာသီဥတုဒဏ်တွေ၊ အစာအာဟာရ ချို့တဲ့မှုတွေကြောင့် ကျန်းမာရေးလည်း
ထိခိုက်မှုတွေရှိနေကြောင်း မိသားစုနဲ့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဦးအုန်းသန်းတို့ကို စွဲထားတဲ့ ပုဒ်မ ၁၂၄(က) ကို ပြည်ထဲရေးဌာနက ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် နောက်လူတွေကို တရားစွဲဆိုထားတာ တွေ ပြန်လည်ရုပ်သိမ်းလိုက်ပေမယ့် အဲဒီပုဒ်မနဲ့ တကျွန်းချခံထားရတဲ့ ဦးအုန်းသန်းကိုတော့ အခုထိဖမ်းဆီးထားဆဲ ဖြစ်ပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG