အခက်အခဲဖြစ်နေတဲ့ မြန်မာအမျိုးသမီးတွေကို မလေးရှား အန်ဂျီအို တခုက ကယ်တင်နိုင်အောင် လုပ်ဆောင်ပေးတဲ့ မလေးရှား အခြေစိုက် မြန်မာ အလုပ်သမား ကူညီရေး အဖွဲ့တခုကို တရားစွဲဆိုဖို့ မြန်မာ စစ်အစိုးရရဲ့ အန်ဂျီအိုဖြစ်တဲ့ အမျိုးသမီးရေးရာအဖွဲ့က မိသားစုဝင်တွေကို ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ အခြေနေကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က ပြောပြပါမယ်။
စီးပွားရေး ဂယက်ကြောင့် လုပ်ငန်းရပ်နားလိုက်ရတဲ့ မလေးရှားက Mr Kumer ပိုင် GREATER VERSATILE GARMENTS အိမ်တွင်း စက်ချုပ်လုပ်ငန်းက အမျိုးသမီး (၁၄)ဦးကို ယာယီ စောင့်ရှောက်ပေးခဲ့တဲ့ ကွာလာလမ်ပူ အခြေစိုက် BWRPC မြန်မာ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးကော်မီတီကို တရားစွဲဆိုဖို့ အမျိုးသမီးရေးရာအဖွဲ့က မိသားစုဝင်တွေကို ဖိအားပေးခဲ့တယ်လို့ BWRPC ခေါင်းဆောင်တယောက်က ပြောပါတယ်။
BWRPC ခေါင်းဆောင် ကိုရဲမင်းထွန်းက အခြေနေကို ခုလိုရှင်းပြပါတယ်။
“မနေ့ကတော့ ကျနော်တို့ ဘာအပြောခံရလဲဆိုတော့ အမည်မဖေါ်ချင်ဘူးပေါ့၊ မိသားစု နှစ်စု၊ သုံးစုက ငါ့တူရေ၊ ဦးလေးတို့ အဒေါ်တို့မှာ အခု ပြဿနာတက်နေပြီ၊ သမီး မိန်းကလေးတွေ မလေးရှားမှာ ဒုက္ခရောက်နေတာနဲ့ ပတ်သက်ပြီး အမှုဖွင့် ခိုင်းနေတယ်။ ကျနော်ကတော့ ဖွင့်ပေါ့၊ ဒါ ဒုက္ခ ရောက်နေတာ မှန်တာပဲ၊ မဟုတ်ဘူး၊ သူတို့ပြောခိုင်းတာက ဒီမိန်းခလေး တွေ မလေးရှားမှာ ဒုက္ခရောက်နေတယ်။ တရားမ၀င် အဖွဲ့အစည်းတခုက ဒီမိန်းခလေးတွေကို အတင်းအဓမ္မ တနေရာမှာ ပိတ်လှောင်ထားပြီးတော့ မြန်မာသံရုံးနဲ့ အဆက်သွယ်မလုပ်ရဘူး၊ နောက်ပြီးတော့ အစာရေစာလည်း ၀၀လင်လင် မကျွေး ဘူး ဆိုပြီးတော့ အဲလိုမျိုး သူတို့ ပြောခိုင်းတယ်”
လက်ရှိမှာ အဲဒီ အမျိုးသမီးတွေကို မလေးရှား အမျိုးသမီး NGO ဖြစ်တဲ့ Tenaganita က စောင့်ရှောက်ထားပြီး အလုပ်ခွင် နစ်နာမှုတွေအတွက် LRC အလုပ်သမား ရေးရာနှင့်LAC ဥပဒေရေးရာ ဌာနတို့အကူအညီနဲ့ အလုပ်ရှင်ကို တရားစွဲ ဆိုဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
သူတို့ထဲက တယောက်က လက်ရှိ အခြေနေကို ခုလို ပြောပြပါတယ်။
“အခု သမီးတို့ကို ကူညီပေးထားတဲ့ဟာ ကျတော့ပေါ့နော်၊ ဟိုတနေ့ကပြောတဲ့အတိုင်း ဘယ်လိုလဲ၊ ဒီမှာ သမီးတို့က အစာငတ်၊ ရေငတ် သတင်းတွေ ထွက်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒီမှာသမီးတို့က အကုန်လုံးပြည့်စုံတယ်ပေါ့နော်၊ သမီးတို့ကို အကူညီ ပေးထားတာ”
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလလယ်ပိုင်းက ပတ်စပို့နဲ့ အလုပ်လုပ်ခွင့် ပါမစ် ကုန်ကျငွေတွေရဖို့ အလုပ်ရှင် Mr. Kumar ရဲ့ လူမိုက် တွေက သူမတို့ ယာယီခိုလှုံနေတဲ့ BWRPCရုံးကို ၀င်ရောက် ရိုက်နှက်ရာမှစပြီး ပြည်ပ မီဒီယာတွေမှာ ဒီသတင်း ပြန့်လာတဲ့ အခါ မလေးရှား မြန်မာသံရုံးက တာဝန်ရှိ သူတယောက် လာရောက်ပြီး အမျိုးသမီးတွေကို လွဲပြောင်းပေးဖို့ တောင်းဆိုခဲ့ တယ်လို့ သိရပါတယ်။
ဘာဖြစ်လို့ သံရုံးက အဆက်သွယ် လုပ်လာသလဲဆိုတာကို ကိုရဲဝင်းထွန်းက ခုလိုသုံးသပ် ပြောဆိုပါတယ်။
“သူတို့ လာခေါ်ရခြင်း အကြောင်းရင်းက သတင်းတွေမှာ ထင်ထင်ရှားရှား ပေါက်သွားလို့၊ ဧရာဝတီ၊ Mizzima ၊ ခေတ်ပြိုင်၊ VOA အဲဒီသတင်းတွေမှာလဲ သူတို့ရဲ့ အမှာပေါ်နေတယ် အကိုရေ၊ ဒီမိန်းခလေးတွေက ကျနော်တို့ဆီ ရောက်မလာခင် ကတည်းက သူတို့ဆီ လေးကြိမ်သွားထားတယ်။ နင်တို့ကို ငါခေါ်ထားတာ မဟုတ်ဘူးဆိုပြီး အရာရှိမ တယောက်က ဟောက် လွှတ်လိုက်တယ်။ သူတို့ ဘာမှမလုပ်ပေးခဲ့ဘူး။ ကျနော်တို့ လက်ထဲ ရောက်လာချိန်ထိလည်း ဘာမှ မလုပ်ပေးသေးဘူး၊ ဟို လူမိုက်တွေနဲ့ လာပြီးတော့ ရိုက်နှက်တဲ့ အချိန်ကျမှ သတင်းတွေက ပိုပြီးတော့ ကြီးလာတဲ့ချိန်မှ သူတို့က ပြုးတူးပြဲတဲ ရောက်လာတာ”
ဒီကိစ္စနဲ့ ပတ်သက်ပြီး BWRPC ရုံးကို လာတဲ့ သံရုံး အရာရှိ ကိုမိုးနဲ့ မြန်မာသံရုံးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။ အမျိုးသမီးရေးရာ အဖွဲ့ရဲ့တိုက်တွန်းချက်အရ တရားစွဲဆိုထားတဲ့ လှိုင်သာယာမြို့နယ် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်ခင်ဗျာ။