သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မြသား KNU  ထုတ်ပယ်


ကရင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့သား တဦးဖြစ်တဲ့ တပ်ခွဲမှုး ဗိုလ်ကြီး စောနေစိုးမြ(ခ) ဗိုလ်တေးလေးဟာ မြန်မာစစ်အစိုးရဲ့ ပူးပေါင်းသွားတဲ့ တပ်မဟာ(၇) တပ်မှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်နဲ့ ပူးပေါင်းပြီး နေပြည်တော်သွားခဲ့တဲ့အတွက် ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဗိုလ်ကြီးစောနေစိုးမြ (ခ)ဗိုလ်တေးလေးဟာ ပြီးခဲ့တဲ့လတွေတုန်းက ကေအန်ယူက ထုတ်ပယ်ခံထားတဲ့ ဒေါက်တာ တင်မိုသီနဲ့ အတူ ရန်ကုန်ကို သွားခဲ့ပါတယ်။ ရန်ကုန်ကအပြန်မှာ ကေအန်ယူကို ဦးဆောင်သူတွေက သူကို ဆွေးနွေးပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တကြိမ် ထပ်မံသွားတဲ့အခါမှာတော့ သူကို ထုတ်ပစ်လိုက်ရတဲ့အကြောင်း ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဖက် အတွင်းရေးမှုး ဗိုလ်မှူးစောလှငွေက အခုလို ပြောပါတယ်။

“တင်မိုသီ တို့က ကင်တားနားတို့ အပါအဝင် ဘားအံကနေပြီး ဗိုလ်ထိန်မောင်တို့ရဲ့ ဌာနချုပ်ကို ခေါ်သွားတဲ့အခါမှာ ဗိုလ်တေးလေးရဲ့ ပုံ ပါတာကို တွေ့လိုက်ရတယ်။ အဲဒီအချက်အရ ဗိုလ်တေးလေးဟာ ကျွန်တော်တို့ တားမြစ်တဲ့ကြားက ဗိုလ်ထိန်မောင်တို့ အုပ်စုနဲ့ ဆက်သွယ်နေတယ်။ နောက်တခုက ဖေဖေါ်ဝါရီလ ၁၈ရက်နေ့မှာ နေပြည်တော် ရောက်သွား တယ်။ ဗိုလ်ထိန်မောင်တို့ရဲ့ Chief person အနေနဲ့ ဗိုလ်ထိန်မောင်ရဲ့ ဇနီးရော၊ သမီးရော၊ ဆရာ တင်မိုသီရော သူတို့ နေပြည်တော် ရောက်သွားပြီး ဗိုလ်ချုပ်ရဲမြင့်နဲ့ သွားတွေ့တဲ့အတွက် ကျွန်တော်တို့ က သူဟာ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ စကားကို နားမထောင်တော့ဘူး။ သူလည်း တောင်းဆိုထားတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အနေအထားအရလည်း သူဟာ ကျွန်တော်တို့ အဖွဲ့အစည်းကနေ ထုတ်ပစ်ရမယ် ဆိုလို့ သူရဲ့ ရာထူးတွေကနေ ထုတ်ပစ်လိုက်တယ်။”


အလားတူပဲ ဗိုလ်ချုပ်မြရဲ့ သားအကြီးဖြစ်သူလည်း မြန်မာဘက်ကို ကူးပြောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ကေအန်ယူက အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ အတည်ပြုျနိုင်တာကတော့ ဗိုလ်မှူးကြီး နာတာမြဟာ ထိုင်းနိုင်ငံတွင်းမှာ လက်နက်နဲ့ အတူ တရားမဝင် လူတွေ တင်ဆောင်မှုနဲ့ ထိုင်းတရားရုံးမှာ ဥပဒေကြောင်း အရ ရင်ဆိုင်နေရတယ်လို့ပဲ ပြောကြားသွားပါတယ်။ အခုလိုမျိုး သတင်းတွေ ထွက်နေတာဟာ ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားတွေ ဖြစ်နေတာတွေကြောင့် ထူးခြားနေတာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ဗိုလ်ချုပ်ခင်ညွှန့်လက်ထက် ၂၀၀၄ခုနှစ်က ရန်ကုန်ကို သွားရောက်ပြီး (Gentleman Agreement) ကို လက်မှတ်ရေးထိုးခဲ့ပေမဲ့ အောင်မြင်မှု မရဘဲ တိုက်ပွဲများ ဆက်ဖြစ်ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်း ဗိုလ်ချုပ်ကြီးမြဟာ ကျန်းမာရေး မကောင်း ဖြစ်တဲ့အချိန် နောက်ထပ် အပစ်အခပ် ရပ်စဲနိုင်ဖို့ စစ်ဘက် ရေးရာ လုံခြုံရေးအရာရှိ ဗိုလ်မှူးကြီး မြတ်ထွန်းဦးကို စေလွှတ်ပြီး စစ်အစိုးရက ကမ်းလှမ်းမှု လုပ်ခဲ့ပေမဲ့ ရိုးသားပွင့်လင်းမှု မရှိဘူး၊ တရားဝင် ကမ်းလှမ်းမှု လုပ်တာ မဟုတ်ဘူးဆိုပြီး ကေအန်ယူ ဗဟိုကော်မတီက လက်မခံတာကြောင့် တပ်မဟာ(၇) ဗိုလ်ချူပ် ထိန်မောင်ကို စည်းရုံးမှုပဲ လုပ်သွားခဲ့ပါတယ်။ ဒီနောက် ကေအန်ယူအတွင်းမှာ ငြိမ်းချမ်းရေး မရဘဲ အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ပြီး ငြိမ်းချမ်ရေး ကောင်စီ အမည်ခံထားတဲ့ ဗိုလ်ချုပ် ထိန်းမောင်တို့ဘက်ကတော့ မြန်မာ စစ်အစိုးရနဲ့ ပူးပေါင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ ဗိုလ်တေးလေးဟာ သူရဲ့ ဦးလေး တော်စပ်သူ ဗိုလ်ချုပ်ထိန်မောင် ဘက်ကို ကူးပြောင်းသွားခြင်းဖြစ်ပြီး သူနဲ့အတူ တပ်မှူး တပ်သားများ ပါသွားခြင်းမရှိဘူးလို့ ကေအန်ယူ က ပြောဆိုသွားပါ တယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG