သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့အတူ အမေရိကန် ခိုင်မာစွာရပ်တည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ သူတွေ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသူတွေနဲ့ အတူ သွေးစည်း ညီညွတ်စွာ ရပ်တည်နေတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖေါ်ပြောဆိုပါတယ်။ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

မတ်လ ၈ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို မနေ့ကတုန်းက အမေရိကန် နိုင်ငံခြားရေးဌာန အဆောက်အဦမှာ ကျင်းပခဲ့ကြတာပါ။ လူအဖွဲ့အစည်းတွေကို တိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အဲဒီ လူ့အဖွဲ့အစည်းအတွင်းမှာပါတဲ့ အမျိုးသမီးတွေကို ဘယ်လောက်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်မလဲ၊ ဒီ တိုးတက်မှုက လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုကို တိုင်းတာတဲ့ သင်္ကေတ တခု ဖြစ်တယ်ဆိုပြီးတော့ ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။ အမျိုးသမီးတွေကို နောက်ကျ ကျန်ရစ်အောင် လုပ်ထားမယ်၊ တိုးတက်အောင် မဆောင်ရွက်နိုင်ဘူး ဆိုရင် ဒီနေ့ ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ရာသီဥတု ပြောင်းလဲလာတဲ့ ပြဿနာမျိုး၊ ဆင်းရဲတွင်း နက်လာတဲ့ ပြဿနာမျိုး တွေနဲ့ စီးပွားရေး အကျပ်အတည်းလို ပြဿနာမျိုးတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။

ဒီအခမ်းအနားမှာ အမျိုးသမီးတွေ ဆုပေးလေ့ ရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ နိုင်ငံတကာ သတ္တိရှင် အမျိုးသမီး များဆိုင်ရာ ဆုအဖြစ် ဆုရှင် ၈ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ဆုရှင်တွေက အာဖဂန် နစ္စတန်၊ အီရက်၊ မလေးရှား၊ နီဂါ၊ ရုရှ၊ အူဘကစ္စတန်၊ ရေမန် အဲဒီ နိုင်ငံတွေကပါ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အမေရိကန် သံရုံးတွေကနေ အမျိုးသမီး ၈၀၊ လူ့အခွင့်အရေး၊ လူမှုရေး တရားမျှတမှုတွေအတွက် ထူးထူးခြားခြား လုပ်ဆောင်တဲ့ အမျိုးသမီးတွေကို ၈၀ ကို စာရင်းသွင်း ခဲ့ပြီးတော့ ၈၀ထဲက စကာ စစ်ပြီးတော့ အခုလို ၈ယောက်ကို ရွေးချယ်ခဲ့တာပါ။ ဒီလို ၈ယောက်ကို ရွေးချယ် ဆုပေးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံက အဖိနှိပ်ခံ အမျိုးသမီးတွေနဲ့ အတူ လက်တွဲ ရပ်တည်နေတယ် ဆိုတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် က အခုလို ထပ်ပြီး ပြောသွားခဲ့တာပါ။

ကျမတို့နဲ့အတူ လက်တွဲဖို့ သူတို့ အစိုးရတွေက ပိတ်ပင်ဟန့်တားတာကို ခံနေရတဲ့ သူတွေနဲ့လည်း သွေးစည်း ညီညွတ်မှုကို ကျမတို့ ထုတ်ဖေါ်ချင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြီးခဲ့ အနှစ် ၂၀ အတွင်း၊ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူဟာ ကမ္ဘာတဝှမ်းလုံးက ပြည်သူတွေအတွက် အင်အားနဲ့ မျှော်လင့်ချက် ရောင်ခြည်အဖြစ် ဆက်ရပ်တည်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာထားပြီး မြန်မာနိုင်ငံအတွင်းမှာ ယုံကြည်ချက် ကြောင့် အကျဉ်းချခံနေရတဲ့ အခြား အမျိုးသမီးတွေ၊ ပြည်ပကို နှင်ထုတ်ခံရသူတွေလည်း စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျုးလွန်ခံရသူတွေ အတွက်လည်း အင်အားတရပ်ဖြစ်ခဲ့ပါတယ်။

လူမှုရေး တရားမျှတမှုနဲ့ လူ့အခွင့်အရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့သူတွေကို ဒီလို အသိအမှတ်ပြု ချီးမြှင့်တာ ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ပြောပါတယ်။ ဆုချီးမြှင့်ခံရတဲ့သူတွေထဲက မလေးရှား နိုင်ငံက ရတဲ့ မစ္စ အမ်ဘီဂါ စခရင်ဗာဆန်( Ms. Ambiga Sreenevasan) ဆိုရင် သူဟာ ရှေ့နေများကောင်စီရဲ့ ဥက္ကဌပါ။ သူဟာ သူ့အသက်ကို ရန်ရှာမယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တဲ့ ကြားထဲက မလေးရှားနိုင်ငံမှာ လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး၊ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေကို ဆက် ဆန့်ကျင်ပြီးတော့ တရားမျှတမှုအတွက် ရုန်းကန် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဒီအမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။ ဒီလို ဆုပေးပွဲ အခမ်းအနားရဲ့ အမျိုးသမီးများအခွင့်အရေး ကြေညာချက်တွေထဲမှာ မြန်မာနိုင်ငံအကြောင်းကို တခုတ်တရ ထည့် ပြောဆို သွားတာပါ။

မကြာသေးခင်တုန်းက အာရှနိုင်ငံတွေကို သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံပေါ်မှာ ထားတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မူဝါဒကို ပြန်ပြီးတော့ သုံးသပ်မယ်၊ အာစီယံ သဘောထားတွေကို သူ့အနေနဲ့ ပိုပြီး နားစိုက်မယ်လို့ ပြောခဲ့တဲ့ အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ အပြောင်းအလဲများ ရှိမလားလို့ စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အပေါ် ဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုဟာ သူယုံကြည်တဲ့ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ တန်ဖိုးထားမှုတွေ အတွက် ဆက်လက် ရပ်တည် မယ်ဆိုပြီး လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောဆိုသွားတဲ့ အချက်က ပိုပြီး ထင်ရှားနေပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားကို သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG