ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နိုင်ရေးအတွက် ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံများအနေနဲ့ ချေချေမြစ်မြစ် နဲ့ ထိထိ ရောက်ရောက် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိုင်နာ က ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ စီးပွားရေးကျဆင်းနေမှုဟာ ပိုမို နက်ရှိုင်းလာနေလို့ စက်မှုထွန်းကားပြီး နိုင်ငံကြီးများအနေနဲ့ ထွန်းသစ်စ နိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများက စီးပွားရေးများ ထိုးကျသွားမယ့် အန္တရာယ်နေ ကယ်တင်နိုင်ရေးအတွက် ပိုပြီးတော့ လုပ်ဆောင်ရလိမ့်မယ် လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက သတိပေး ပြောဆိုတာပါ။
လန်ဒန်မြို့ ကမ္ဘာ့ ဘဏ္ဍာရေးဝန်ကြီးများ ညီလာခံ တက်ရောက်ဖို့ ဒီနေ့ ဝါရှင်တန်က ထွက်ခွာမသွားခင် အခုလို ပြောကြား သွားတဲ့အတွက် အမေရိကန်နဲ့ ဥရောပ နိုင်ငံများအကြား ကမ္ဘာ့စီးပွားရေး အကျပ်အတည်းပေါ် ဘယ်လို ကိုင်တွယ်ကြမလဲ ဆိုတဲ့အပေါ် သဘောထားချင်း ကွဲပြားခြားနားနေကြောင်း ပေါ်လွင်လာတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ကုသ နိုင်ရေးအတွက် နိုင်ငံများအနေနဲ့ ငွေတွေ တိုးပြီးတော့ သုံးစွဲသင့်တယ်လို့ အမေရိကန်နိုင်ငံက ယုံကြည်တဲ့အပေါ် ဥရောပနိုင်ငံ များက သဘောမတူကြပါဘူး။ ကမ္ဘာ့ စီးပွားရေး နာလန်ထူရေးအတွက် တခုတည်းသော နည်းလမ်းက အတူတကွ လုပ်ဆောင် ရေးပဲ ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားကလည်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။