သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို ICC တင်နိုင်မယ့် အလားအလာ သြစတြေးလျ မပစ်ပယ်


မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးတာ၊ ကလေးစစ်သား အသုံးပြုတာတွေနဲ့ တိုင်းပြည်တွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကြောင့် မြန်မာစစ်အစိုးရကို ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှာတင်ပြီး စစ်ဆေးဖို့ အလားအလာဟာ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတယ်လို့ သြစတြေးလျအစိုးရက ပြောလိုက်ပါတယ်။ သြစတြေးလျ အထက်လွှတ်တော်မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ကြားနာ စစ်ဆေးပွဲအတွင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောခဲ့တာပါ။ ဒါ့အပြင် သြစတြေးလျ အထက် လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လွှတ်တော်တရပ်လုံးရဲ့ ထောက်ခံချက်နဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါသေး တယ်။ ဒီကနေ့ သြစတြေးလျလွှတ်တော်ရဲ့ လှုပ်ရှားမှုတွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရကို ICC တင်ဖို့ အလားအလာနဲ့ပတ်သက်ပြီး သြစတြေးလျ အစိုးရအနေနဲ့ စဉ်းစားတာမျိုးရှိသလားလို့ လွှတ်တော်အတွင်း မေးခွန်းထုတ်ခဲ့သူကတော့ သြစတြေးလျ Green ပါတီရဲ့ အထက်လွှတ်တော်အမတ် မစ္စတာ စကော့တ်
လော်ဒ်လမ်မ် (Scott Ludlam) ပါ။

“သြစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်အစိုးရကို ICCမှာတင်ပြီး စစ်ဆေးဖို့ အကြံပြုချက် တွေကို စဉ်းစားတာမျိုး ရှိ-မရှိ ကျနော် မေးခွန်းထုတ်ခဲ့ပါတယ်။ သြစတြေးလျအစိုးရ အနေနဲ့ ဒီလိုစစ်ဆေးဖို့ ပယ်ချထားတာမျိုး မရှိကြောင်း၊ ဒါဟာ အနာဂတ်မှာ အသုံးဝင်
လာနိုင်ခြေရှိတဲ့၊ ဖြစ်လာနိုင်ခြေရှိတဲ့ အချက်ဖြစ်တယ်လို့ ပြန်ဖြေကြားခဲ့ပါတယ်။”

ဒါပေမဲ့လည်း မေးခွန်းထုတ်ခဲ့သူ အထက်လွှတ်တော်အမတ် မစ္စတာစကော့တ် လော်ဒ်လမ်မ် ကိုယ်တိုင်က ဒီလိုစစ်ဆေးတာမျိုး သိပ်မကြာခင်မှာ ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထား ပါဘူး။ ICC မှာတင်ပြီး စစ်ဆေးဖို့ဆိုရင် အရင်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေ ဆုံးဖြတ်ချက်ချရပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တခုခု ထွက်လာဖို့မှာ အဓိက ထင်သာမြင်သာ ကန့်ကွက်နေတဲ့ နိုင်ငံနှစ်ခုက တော့ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားတို့ပါ။

ဒါပေမဲ့ မကြာသေးခင်ကပဲ လက်ရှိ ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘရှား (Omar al-Beshir) ကို ICC မှာစစ်ဆေးဖို့ ဖမ်းဝရမ်း ထုတ်လိုက်တာက ထူးခြားတဲ့တိုးတက်မှုတခု ဖြစ်ခဲ့တာကြောင့် အနာဂတ်မှာ မြန်မာအစိုးရကို အလားတူ စစ်ဆေးတာမျိုး အတွက် သြစတြေးလျအစိုးရရဲ့ ထင်မြင်ယူဆချက်ကို သူမေးခွန်းထုတ်ခဲ့တာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် မစ္စတာစကော့တ်က ပြောပါတယ်။

အခု ကြာသပတေးနေ့မှာပဲ သြစတြေးလျ အထက်လွှတ်တော်မှာ နိုင်ငံရေးပါတီအားလုံးက လွှတ်တော်အမတ်တွေအားလုံးရဲ့ တညီတညွတ်တည်း ထောက်ခံချက်နဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါသေးတယ်။

“သြစတြေးလျ အထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာအစိုးရကို ပြစ်တင်ရှုတ်ချထားပါတယ်။ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။ မြန်မာ့နိုင်ငံရေးမှာ တကယ့်ကို သိသာထင်ရှားတဲ့ တိုးတက်မှုတွေမရှိရင် ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲကနေ ထွက်လာမယ့် ရလဒ်တွေကို အသိအမှတ်မပြုဖို့ သြစတြေးလျအစိုးရကို တောင်းဆိုထား ပါတယ်။”

အထက်လွှတ်တော်အမတ် စကော့တ် လော်ဒ်လမ်မ် ပြောပြသွားတာ ဖြစ်ပါတယ်။

တကယ်ကတော့ သြစတြေးလျ လွှတ်တော်အမတ်တွေဟာ မြန်မာ့အရေးကို အားကြိုးမာန်တက် ထောက်ခံသူတွေ ဖြစ်ကြပါ တယ်။ မြန်မာ့ဒီမိုကရေစီအရေး သြစတြေးလျလွှတ်တော်အမတ်များအဖွဲ့ (APDB) ဆိုတာကိုတောင် ဖွဲ့စည်းလုပ်ဆောင်နေ ကြပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လွှတ်တော်ဆုံးဖြတ်ချက်တွေလည်း မကြာခဏ ထွက်လာလေ့ရှိပါတယ်။ ဒါပေမဲ့လည်း သြစတြေးလျအစိုးရကတော့ လွှတ်တော်အမတ်တွေလောက် မြန်မာ့အရေးကို အားတက်သရော လုပ်ဆောင်တာ မတွေ့ရ ပါဘူး။ ဒါ့အပြင် မြန်မာရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးတာတွေ၊ အရပ်ဖက်အရာရှိကြီးတွေကို လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေ တွေအကြောင်း သင်တန်းပေးတာတွေ စသည်အားဖြင့် ရှိခဲ့ဖူးသလို ကုန်သွယ်ကူးသန်းရောင်းဝယ်မှုတွေ ဆက်လုပ်နေတဲ့ အတွက်လည်း မကြာခဏ ဝေဖန်ခံရပါတယ်။

ဒီတော့ အထက်လွှတ်တော်က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရက ဘယ်လောက်များ ထိထိရောက်ရောက် လိုက်နာ လုပ်ဆောင်မှာပါလဲ၊ လွှတ်တော်နဲ့ အစိုးရကြား မတူကွဲပြားနေတဲ့ ချဉ်းကပ်မှုတွေကိုရော ဘယ်လိုညှိနှိုင်းယူပြီး ဘုံတူညီထိရောက်တဲ့ လုပ်ဆောင်မှု ဖြစ်စေမှာပါလဲ၊ အထက်လွှတ်တော်အမတ် စကော့တ်လော်ဒ်လမ်မ်ကတော့ ဒီကနေ့ ချမှတ်လိုက်တဲ့ လွှတ်တော်ရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ဟာ အစိုးရကို အင်မတန်အားကောင်းတဲ့ သတင်းစကား ပါးလိုက်တာပါပဲလို့ ဆိုပါတယ်။

“သြစတြေးလျအစိုးရ လုပ်နေတာက သူတို့လုပ်နိုင်ခြေရှိတယ်လို့ ထင်တာတွေကို လုပ်နေတာပါ။ ဒီကနေ့ ကျနော်တို့ လုပ်ဆောင်ခဲ့တာက အာဏာရပါတီကရော အာဏာရမဟုတ်တဲ့ပါတီကရော လွှတ်တော်အမတ်တွေ အားလုံးကနေ ပိုပြီး
အားကောင်းတဲ့ လုပ်ဆောင်မှုမျိုး အစိုးရကလုပ်တာကို မြင်ချင်တယ်လို့ ပြောလိုက်တာပါ။ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ဆောင်မှု အားလုံးထဲမှာ ICC လိုကိစ္စမျိုးဖြစ်ဖြစ်၊ တခြားပုံစံတွေဖြစ်ဖြစ် အားလုံးကို ရှာဖွေဖို့ ကျနော်တို့က တညီတညွတ်တည်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။"

သြစတြေးလျ အထက်လွှတ်တော်ရဲ့ ဒီကနေ့ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံက အသက်တချောင်းကိုလည်း ကယ်တင်နိုင် တာမျိုး မရှိ၊ နိုင်ငံရေးအကျဉ်းသားတယောက်ကိုလည်း လွတ်လာနိုင်စေတာမျိုး မရှိပေမဲ့ ဒီလို စကားချည်းသက်သက်
ဆုံးဖြတ်ချက်မျိုးနောက်ကနေ အားကောင်းတဲ့လှုပ်ရှားမှုတွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ အခြေအနေ ဖြစ်လာစေပါတယ် လို့လည်း မစ္စတာ စကော့တ် လော်ဒ်လမ်မ်က ပြောခဲ့ပါတယ်။

သံတမန်ရေးစကားတွေနောက်မှာ အမှန်တကယ် ဘာတွေဖြစ်နေတယ်ဆိုတာကို သိရဖို့က အင်မတန်ခက်ခဲကြောင်း၊ ဒီ စကားတွေနောက်မှာ တကယ်လုပ်ဆောင်တဲ့အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို သိဖို့ရာဟာ မိမိတို့ နောက်ထပ် ဆက်လုပ်သွားမယ့်အလုပ် ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ကြာသပတေးနေ့ကကျင်းပတဲ့ သြစတြေးလျ အထက်လွှတ်တော်တွင်း ဆွေးနွေးပွဲကို ပြည်ပရောက် မြန်မာ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးလည်း လေ့လာသူအဖြစ် တက်ရောက်နားထောင်ခွင့် ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG