သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR လုပ်ငန်း တိုးချဲ့ရေး စစ်အစိုးရ လက်ခံ


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ပြန် ရိုဟင်ဂျာတွေရဲ့ အခြေအနေမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပြီး ဒီကိစ္စကို တိုးချဲ့ဆောင်ရွက်ဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) နဲ့ မြန်မာစစ်အစိုးရတို့ကြားမှာ သဘောတူညီမှုတွေ ရရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တဲ့ မစ္စတာ ဂူတာရပ်စ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး UNHCR က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် UNHCR ပြောရေးဆိုခွင့်ရှိသူ ဂူဆက်ပီ ဒါဗင်စန်တီ (Giuseppe de Vincentis) ကို ဆက်သွယ်မေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

လှေစီးပြေး ရိုဟင်ဂျာပြဿနာ အပါအဝင် မြန်မာနိုင်ငံမှာ နေရပ်ရင်းကို စွန့်ခွာထွက်သွားနေရသူတွေရဲ့ ပြဿနာနဲ့ ပတ်သက်လို့ လေ့လာအကဲခတ်ဖို့ မြန်မာပြည်ကို သွားခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက သူ့ရဲ့ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ မြန်မာနိုင်ငံထဲက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ ဆောင်ရွက်မှုတွေမှာ လစ်ဟာချက်တွေ ရှိနေသေး တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ် ၆ ရက်ကြာခရီးစဉ် အဆုံးသတ်ချိန်မှာ အခုလိုပြောလိုက်တာပါ။

မဟာမင်းကြီးက သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေ၊ ရိုဟင်ဂျာတွေ ထွက်ပြေးလာရာ ဒေသတခုလို့ ဆိုနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ စတဲ့ဒေသတွေကို သွားရောက်ခဲ့ပြီး လေ့လာအကဲခတ်ချက်တွေအပေါ် အခြေခံပြီး အခုလိုပြောရတာလို့ UNHCR ဘန်ကောက်ရုံးက ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဂူဆက်ပီ ဒါဗင်စန်တီက ပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းမှာ ကျနော်တို့လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ တကယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် တိုးချဲ့လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ မဟာမင်းကြီးက စုံစမ်းတွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း အစိုးရ
တာဝန်ရှိသူတွေနဲ့ ကျကျနန ဆွေးနွေးနိုင်ခဲ့ပါတယ်။ ကျနော်တို့ လုပ်ငန်းတွေကို တိုးချဲ့ဖို့အတွက်လည်း ပြောနိုင်ခဲ့ပါတယ်။”

ဒီလိုတိုးချဲ့မယ့်ကိစ္စတွေအတွက်လည်း နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနကို UNHCR ဘက်က အဆိုပြု တင်ပြဖို့လည်း မြန်မာစစ်အစိုးရက ပြောခဲ့တယ်ဆိုပြီး UNHCR က ဆိုပါတယ်။ ဒါဟာဆိုရင် ဒီနှစ်ထဲမှာ ကုလသမဂ္ဂရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ဝင်ထွက်သွားလာနေတဲ့အထဲက နောက်ဆုံး ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမတိုင်ခင်တုန်းကတော့ မပြေလည်နိုင်သေးတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ကြားဝင်ဖျန်ဖြေပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်ထားတဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari)၊ လူ့အခွင့်အရေး
အထူး စုံစမ်းစစ်ဆေးသူ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana)တို့လည်း သွားရောက်ခဲ့ကြတာပါ။

မကြာသေးခင် လတွေကစလို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေပင်လယ်ပြင်ကို လှေနဲ့ဖြတ်ပြီး ထွက်ပြေး လာတဲ့ ရိုဟင်ဂျာတွေ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေကို ရောက်လာလို့ ဒီကိစ္စကို ကျယ်ကျယ်လောင်လောင်
ပြောဆိုလာကြတဲ့နောက် အခုလို UNHCR ရဲ့ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ကိုယ်တိုင် မြန်မာနိုင်ငံအတွင်း သွားရောက်စုံစမ်းတာ တွေ လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ခရီးစဉ်အဆုံးအသတ်ခင် နောက်ဆုံးနေ့မှာတော့ မဟာမင်းကြီးဟာ တနင်္သာရီတိုင်း မြိတ်မြို့ကိုလည်း သွားရောက်ခဲ့ပြီးတော့ အဲဒီက UNHCR ရဲ့ လုပ်ငန်းတွေကို ကြည့်ရှုပြီး မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG