သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒလိုင်းလားမားကို တရုတ်အစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်


တရုတ်အစိုးရက တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား ကို တရားမဝင်တဲ့ ဘာသာရေးအစိုးရကို တိုက်ရိုက် ဦးဆောင်သူ နိုင်ငံရေးပြည်ပြေး ဆိုပြီး အပြင်းအထန် ပြောကြားလိုက်ပါတယ်။ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် သတင်းစာရှင်းလင်းပွဲအပိတ်မှာ ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က အခုလို သုံးနှုန်းပြောဆိုသွားတာ ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် စတက်ဖနီဟိုး (Stephanie Ho) ဘေကျင်း မြို့ကနေ ပေးပို့ထားတဲ့သတင်းကို ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ဟာ ဒီ သတင်းစာရှင်းလင်းပွဲမှာ ကိစ္စတော်တော်များများကို ၂ နာရီကြာအောင် ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ပြဿနာ အစ အာဖရိက ကြွေးမြီသက်သာခွင့် အဆုံးပါပဲ။ ဒီအထဲမှာမှ တရုတ် ဝန်ကြီးချုပ် အနေနဲ့ အပြင်းထန်ဆုံး ပြောကြားသွားတဲ့ကိစ္စကတော့ တိဘက်ပြဿနာပဲ ဖြစ်ပါတယ်။ တိဘက်ဟာ တရုတ်နိုင်ငံ အတွက် မပြောင်းမလဲနိုင်သော နယ်မြေအစိတ်အပိုင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

“တိဘက်ပြဿနာ ဟာ တရုတ်ပြည်တွင်းရေး သက်သက်သာ ဖြစ်တယ်။ ပြည်ပက ဝင်စွက်ဖက်တာကို လုံး၀ လက်ခံမှာ မဟုတ်ဘူး။” လို့ ဝမ်ကျာပေါင် က ပြောကြားသွားပါတယ်။

ဒါ့အပြင် ပြည်ပရောက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။ ဒလိုင်းလားမား ဟာ သူ့ဇာတိ နယ်မြေအပေါ် တရုတ်အစိုးရရဲ့ အုပ်စိုးမှုကို ပုန်ကန်ထကြွတာ မအောင်မြင်လို့ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်ဝန်ကြီးချုပ်က ဒလိုင်းလားမား ကို ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တဦး အနေနဲ့မဟုတ်ဘဲ နိုင်ငံရေး ပြည်ပြေးတဦးလို့သာ သတ်မှတ်တယ်လို့ ဆိုပါတယ်။

“အိန္ဒိယနိုင်ငံ ဒါရမ်ဆလာ (Dharamsala) မှာ အခြေစိုက်တဲ့ ပြည်ပရောက် တိဘက်အစိုးရ ဆိုတာဟာ ဘာသာရေးကို အခြေပြုထားတာသာ ဖြစ်ပြီး တရားမဝင်ဘူး။” လို့ ဝမ်ကျားပေါင် က ပြောသွားတာပါ။ အဲဒီအစိုးရကို ဒလိုင်းလားမား က တိုက်ရိုက်ဦးဆောင်မှုပေးနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြောနေကျအတိုင်းပဲ တရုတ်အစိုးရက ဒလိုင်းလားမား က အပြောထက် အလုပ်ကိုပဲ တွေ့ချင်တယ်လို့လည်း ဆက်လက် ပြောပါသေးတယ်။

ဒလိုင်းလားမား ဟာ ကမ္ဘာတလွှားက နိုင်ငံရေးခေါင်းဆောင်တွေကို အထင်အမြင်မှားအောင် လိုက်လုပ်နေတယ်လို့ စွပ်စွဲပြီး တချို့ အနောက်တိုင်းခေါင်းဆောင်တွေကလည်း ဒလိုင်းလားမား ကို သူတို့အကျိုးအတွက် အသုံးချဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရုတ်ဝန်ကြီးချုပ်ဟာ ထိုင်ဝမ် အရေးကိုကျတော့ ဒီလို မချဉ်းကပ်မသုံးသပ်ပါဘူး။ တရုတ်နိုင်ငံရဲ့ ခွဲထွက်ပြည်နယ်တခုဖြစ်ပြီး သီးခြားအုပ်ချုပ်ရေးနယ် လို့ သတ်မှတ်ပါတယ်။ ဒါကို သူတို့ ပြန်လည်ဆွဲဆောင် သိမ်းသွင်းနေ တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်း က ထိုင်ဝမ်ဟာ ရတနာကျွန်း Treasure Island ဖြစ်ပါသတဲ့။ သူကိုယ်တိုင် တနေ့မှာ လည်ပတ်သွားရောက်နိုင်ဖို့လည်း မျှော်လင့်နေပါသတဲ့။

သူက “အခု အသက် ၆၇ နှစ်ရှိပါပြီ။ လမ်းလျှောက်ပြီး မသွားနိုင်ရင်တောင်မှ ထိုင်ဝမ် ကို သွားရမယ်ဆိုရင်တော့ လေးဘက် တွားပြီးတော့တောင် သွားလိုက်ချင်ပါတယ်။” လို့ ဆိုပါတယ်။

ဒီအပြောကိုတော့ ပရိသတ်ကလည်း သဘောကျပြီး လက်ခုပ်လက်ဝါး တီးခဲ့ကြပါတယ်။ နောက်တခုကတော့ သူက အမေရိကန်ဆီက ရစရာရှိတဲ့ ဒေါ်လာ အကြွေး သန်းပေါင်း တစ်သန်းအတွက်လည်း နည်းနည်းလေးတော့ စိုးရိမ်မကင်း ဖြစ်မိပါသတဲ့။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဟာ ယုံကြည်စိတ်ချရတဲ့ တိုင်းပြည်တခုဖြစ်လို့ သူတို့ ရစရာရှိတာ တွေ အတွက် စိတ်ချပါတယ်တဲ့။ ကမ္ဘာ့စီးပွားရေး ဆုတ်ရုတ်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင် အပြင်းအထန် ကြိုးပမ်းနေပြီး ဒီပြဿနာကို ဘယ်နိုင်ငံကမှ တဦးတည်းတယောက်တည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ အယူအဆကတော့ “ကိုယ့်ဟာကိုယ်ပဲ ရေတွင်းတူးမယ်။ သူများဆီက ရေ တောင်း မသောက်ဘူး” - လို့လည်း ဝမ်ကျားပေါင်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG