သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံ ၂၀ ကျော်မှာ လက်မှတ်စုဆောင်း


ဒီကနေ့ကျရောက်တဲ့ (၂၁) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့မှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက် လက်မှတ်ပေါင်း ၈ သိန်းကျော် ကောက်ယူစုဆောင်းတဲ့ လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်ပါတယ်။ ဒီလို ကောက်ယူစုဆောင်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ကို နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်ပြီး ပြန်လှန်သုံးသပ်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဦးဆောင်လှုပ်ရှားသူ တယောက်က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ကောက်ယူစုဆောင်းရတဲ့ ရည်ရွယ်ချက်ကို ဒီလှုပ်ရှားမှုကော်မတီမှာ ဦးဆောင်ပါဝင်သူ တယောက်ဖြစ်တဲ့ ဒေါ်ခင်ဥမ္မာ က အခုလို ပြောပါတယ်။

“အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ထောင်ထဲက မလွတ်သေးဘဲနဲ့ မြန်မာနိုင်ငံမှာ ဘာနိုင်ငံရေး အဖြေထုတ်မှုမှ လုပ်လို့မရဘူး။ အဲဒါ စစ်မှန်တဲ့နိုင်ငံရေး အဖြေထုတ်မှု ဖြစ်မှာမဟုတ်ဘူး။ အဲဒါ ကျမတို့ ယုံကြည်တာ။ သူတို့ ပထမဆုံး အကျဉ်းထောင်ကနေ လွတ်မြောက်လာဖို့ လိုတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက နောက်တဆင့်တက်ဖို့ဆိုရင် သူတို့ လွတ်မြောက်ပြီးတဲ့တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် တို့ပါဝင်တဲ့ ဦးခွန်ထွန်းဦး တို့ ပါဝင်ပြီးတော့ နအဖ နဲ့ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြီးမှ ပြင်ဆင်ရေးဆွဲတဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့လိုမယ်။ အဲဒီနည်းနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းလို့ရမယ်။ ဒါကြောင့်မိုလို့ အဲဒါတွေဖြစ်ရမယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲက ဒီပုံစံနဲ့တော့ ဖြစ်လို့မရဘူး။ ကျမတို့ နိုင်ငံတကာကို ပြောနေတာက။ ဘယ်ရွေးကောက်ပွဲပဲလာလာ ဘယ်နှစ်ခုနှစ်မှပဲလာလာ အရင်ဆုံးလုပ်ရမယ့်အဆင့်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရမယ်။ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပြီးတော့မှ အတူတူပါဝင်တဲ့ ပူးပေါင်းပါဝင်ပြီးတော့ အဖြေထုတ်ထားတဲ့ နိုင်ငံရေး သဘောတူညီမှုတခု ကနေပြီး နောက်တဆင့်တက်တာမျိုး ဖြစ်ရမယ်။”

ဒါကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သိနိုင်အောင်အတွက် ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ကောက်ယူ စုဆောင်းပြီး တင်ပြတာဖြစ်တယ်လို့ ဒေါ်ခင်ဥမ္မာ က ဆက်ပြောပါတယ်။

သတ်မှတ်ထားတဲ့ လက်မှတ်အရေအတွက် ရရှိတဲ့အခါမှာ ကုလသမဂ္ဂကို တင်ပြဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲ အရေးယူဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို လက်မှတ်ကောက်ယူတဲ့ ကာလအတွင်းမှာ ဆွေးနွေးပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာမိန်းကလေးတယောက်ကတော့ သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“တဦးတယောက်ချင်းလုပ်ရင် ဘာဖြစ်လာမလဲ မသိရပေမယ့် အားလုံးဝိုင်းပြီးတော့ လက်မှတ်ထိုးပြီးတော့ စုပေါင်းတောင်းဆိုမယ် ဆိုရင်တော့ တကယ်လွတ်မြောက်လာမယ်လို့ ယုံကြည်တဲ့စိတ်တော့ ရှိတယ်။ အရင်တုန်းက ထိုးခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ထိထိရောက်ရောက် ဖြစ်လာတာ မရှိဘူးဆိုပေမယ့် တကယ် မရှိဘူး ဆိုတဲ့ဟာကို ဒီအတိုင်းပြန်ထားလို့လည်း မရဘူး။ ဒါကြောင့်မို့ မရှိ ရှိအောင်တော့ ဝိုင်းပြီးတော့ ဝိုင်းလုပ်ရမှာပဲလို့ ကျမ ယုံကြည်တယ်။ ကိုယ့်မြန်မာနိုင်ငံရဲ့ ပြဿနာကို နိုင်ငံတွင်းက မြန်မာပြည်သားတွေသာမက အပြင်မှာရောက်နေတဲ့ နိုင်ငံသားတွေကလည်း မြန်မာနိုင်ငံသားတွေပဲ ဒါကြောင့်မိုလို့ မြန်မာနိုင်ငံ လွတ်မြောက်ဖို့အတွက် အတွင်းအပြင် အားလုံး ပူးပေါင်းပြီးပါမှ ရမယ်လို့ ကျမ ယုံကြည်ပါတယ်။”

ဒီကနေ့ကျင်းပတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အခမ်းအနားကို တက်ရောက်စကားပြောတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မလဲ့လဲ့ ကတော့ ဒီလှုပ်ရှားမှုအပေါ် အခုလို သုံးသပ်ပါတယ်။

“ဒီ Signature Campaign လှုပ်ရှားမှုကို စတင်နေတဲ့အတွက်ကြောင့်မိုလို့ စစ်အစိုးရကြီး ပြောင်းလဲချင်မှ ပြောင်းလဲမယ်။ ဒါပေမယ်လို့ အနိမ့်ဆုံးအဆင့်ကတော့ ကျမတို့ ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ကျမတို့ သူငယ်ချင်းတွေ၊ တခြား နိုင်ငံရေးအကျဉ်းသား ရဲဘော်တွေ အနေနဲ့ - သြော် ငါတို့အတွက် လုပ်နေကြပါလားပေါ့နော်။ အပြင်မှာရောက်နေပေမယ့် ငါတို့ အတွက် လုပ်နေကြပါလား ဆိုတဲ့ အသိစိတ်တွေ ဝင်လာရင် သူတို့အတွက် အင်အားရှိမယ်လို့ ကျမ မျှော်လင့်ပါတယ်။”

လက်မှတ်ကောက်ယူစုဆောင်းတာကို ဒီကနေ့ကနေ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်မယ့် မေလ ၂၄ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်ပါတယ်။

ကောက်ယူမယ့် လက်မှတ်အရေအတွက်ကတော့ ၁၉၈၈ ခုနှစ်ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အမှတ်တရဖြစ်စေဖို့ ၈၈၈,၈၈၈ ခု ကောက်ယူဖို့ ရည်ရွယ်ထားပါတယ်။

ဒီလို လက်မှတ်ကောက်ယူတဲ့ အခမ်းအနားကို ဘန်ကောက်မြို့မှာလည်း တပြိုင်နက်တည်း ကျင်းပခဲ့သလို နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ အဖွဲ့အစည်းပေါင်း ၁၆၀ ကျော်က တချိန်တည်းဆောင်ရွက်ဖို့ ပြင်ဆင်ထားကြောင်း လက်မှတ်ကောက်ယူရေး လှုပ်ရှားမှု ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီး ၁၈၆ ယောက် အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁,၁၃၇ ယောက်ရှိကြောင်း မှတ်တမ်းပြုစုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG