ပါကစ္စတန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နှိပ်ကွပ်ပြီးတဲ့နောက် တတိယနေ့မှာ အတိုက်အခံ ခေါင်းဆောင်များနဲ့ ဆွေးနွေးဖို့ သောကြာနေ့က ကမ်းလှမ်းရင်း နိုင်ငံရေးအကျပ်အတည်းလျော့ရေး ပါကစ္စတန်အစိုးရက ကြိုးပမ်းလိုက်ပါတယ်။ ပါကစ္စတန်အစိုးရက စစ်ဘက်ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အမေရိကန်သံတမန်များနဲ့ အကြိမ်ကြိမ် တွေ့ဆုံ ပြီးတဲ့နောက် အတိုက်အခံတို့နဲ့ စေ့စပ်ဆွေးနွေးဖို့ အဲဒီလို ကမ်းလှမ်းလိုက်တာပါ။
တချိန်တည်းမှာပဲ ပါကစ္စတန်အစိုးရ တာဝန်ခံများက ကန့်ကွက်ဆန္ဒပြပွဲများ ပိတ်ပင်ထားပြီး လှုပ်ရှားတက်ကြွသူများကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။ ပန်ဂျက် အလယ်ပိုင်းနဲ့ ဆင်း(န်) ပြည်နယ်တောင်ပိုင်းမှာ ဆန္ဒပြပွဲများ မလုပ်ရလို့ ပိတ်ပင် ထားသလိုပဲ အနောက်မြောက် နယ်စပ်ပြည်နယ်မှာလည်း ဆန္ဒပြပွဲမလုပ်ရ လို့ သောကြာနေ့က အမိန့်ထုတ်လိုက်ပါတယ်။
မြို့တော် အစ္စလာမ်မာဘက် လွှတ်တော်ရှေ့မှာ ထိုင်သပိတ်အနေနဲ့ ဆန္ဒပြရင်း ကရာချီး နဲ့ တခြား မြို့ကြီးများကလာတဲ့ မော်တော်ကားများကိုလည်း ရဲက တားဆီးထားပါတယ်။ ယခင် သမ္မတ ပါဗက်(ဇ်) မူရှာရက်(ဖ်) ဖြုတ်ချထားတဲ့ တရားသူကြီး ချုပ် ပြန်ခန့်ရေး အတိုက်အခံခေါင်းဆောင် န၀ဒ်ရှရစ်(ဖ်) က တောင်းဆိုထားပါတယ်။