သီရိလင်္ကာစစ်ဘက်နဲ့ တမီလ်ကျားသူပုန်တွေရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားရေးရာဥပဒေတွေကို ချိုးဖောက်ရာကျတဲ့ ပြစ်မှုမြောက်လုပ်ရပ်တွေ ဖြစ်နေနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ပြောလိုက်ပါတယ်။ နှစ်ဘက်စလုံးဟာ အရပ်သား ထောင်ပေါင်းများစွာ ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ် ်ဆိုပြီး တိုက်ခိုက်နေတာတွေကို ချက်ခြင်းရပ်ကြဖို့လည်း တောင်းဆိုလိုက်ပါ တယ်။ ဗွီအိုအေသတင်းထောက် လီဇာရှလိုင်း(Lisa Schlein) ဂျီနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်း က တင်ပြထားပါတယ်။
အခုပြောဆိုချက်ဟာ သီရိလင်္ကာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူ တဦးက အပြင်းထန်ဆုံး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သီရိလင်္ကာမြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အတွင်း အရပ်သားတွေ သေကျေကြ၊ ဒဏ်ရာရကြတယ် ဆိုတဲ့ သတင်းတွေကြောင့် သူ့အနေနဲ့ အလွန်အမင်း စိုးရိမ်မိတဲ့ အကြောင်း မစ္စ နာဗီ ပီလေး ကပြောပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ဒေသထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေရဲ့ လုံခြုံရေးကို နှစ်ဘက်စလုံးက လုံး၀ ထည့်မတွက်ဘဲ ရက်ရက် စက်စက် လုပ်နေပုံရတဲ့အတွက် ကော်မရှင်နာမင်းကြီး မစ္စ ပီလေး အင်မတန် စိတ်ပျက်ရတယ်လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ရူးပါ့တ် ကိုးလ်ဗီးလ် (Rupert Collville) က ပြောပါတယ်။
အရပ်သားတွေအတွက် ဘေးကင်းပြီး အပစ်အခတ်မဲ့ဒေသတွေကို အစိုးရက သတ်မှတ်ပေးထားပေမယ့် သီရိလင်္ကာ စစ်တပ် တွေ ကိုယ်တိုင်က အဲဒီဒေသတွေကို အကြိမ်ကြိမ် အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ရထားတယ်လို့ သူကပြောပါတယ်။
“အရပ်သားတွေရှိနေတဲ့ တခြားဒေသတွေကိုလည်း အမြောက်နဲ့ပစ်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းကဆိုရင် အရပ်သား နှစ်ထောင့်ရှစ်ရာကျော် သေဆုံးခဲ့ပြီး ခုနစ်ထောင့်ငါးရာ ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ် အတော်များများက ပြောနေပါတယ်။ အဲဒီထဲမှာ အပစ်အခတ်မဲ့ ဒေသတွေထဲကလူတွေ အများကြီးပါပါတယ်။ သေတဲ့လူတွေ ထဲမှာ ကလေးငယ်တွေ ရာနဲ့ချီပါပြီး တစ်ထောင်ကျော် ဒဏ်ရာရကြပါတယ်။”
တမီလ်ကျားသူပုန်တွေဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံ ရဖို့အတွက် လက်နက်ကိုင် တိုက်ခိုက်နေတာ ၂၅ နှစ် ကျော်လာပါပြီ။ ဒီလောက်ရှည်ကြာတဲ့ ပြည်တွင်းစစ်ပွဲအတွင်း ခန့်မှန်းခြေလူပေါင်း ခုနစ်သောင်းလောက် သေဆုံးခဲ့ပြီဖြစ်ပြီး ထောင်ပေါင်း များစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြပြီးပါပြီ။
ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာတော့ တမီလ်ကျားသူပုန်တွေကို အပြုတ်တိုက်ပစ်မယ်ဆိုပြီး သိရီလင်္ကာစစ်ဘက်က ထိုးစစ် ကြီး တခု စပြီးဆင်နွှဲခဲ့ပါတယ်။ သတင်းတွေအားလုံးအရဆိုရင်တော့ သူတို့အနိုင်ရနေပုံပေါ်ပါတယ်။ ဒါပေမယ့် အောင်ပွဲကို အရပ်သားတွေရဲ့ အသက်တွေနဲ့ရင်းပြီး တန်ဖိုးကြီးကြီးပေးယူနေရပါတယ်။
ဗန်နီ (Vanni) ဒေသက တဖြည်းဖြည်း ကျဉ်းမြောင်းလာတဲ့ နယ်မြေလေးထဲမှာ ပိတ်မိနေတဲ့အရပ်သား တစ်သိန်းရှစ်သောင်း လောက်ထိ ရှိနေသေးတယ်လို့ ကုလသမဂ္ဂကခန့်မှန်းထားကြောင်း ကိုးလ်ဗီးလ် ကပြောပါတယ်။
“သေတဲ့လူတွေရော ဒဏ်ရာရတဲ့လူတွေရော အားလုံးပေါင်းရင် အရပ်သား လူတစ်သောင်းကျော် ထိခိုက် ဒဏ်ရာရ သေဆုံး ကြတယ်ဆိုတာ တကယ့်ကို ကြောက်စရာကြီးပါဗျာ။ ဒီပုံစံအတိုင်းသာ တိုက်ပွဲဆက်ဖြစ်နေရင်တော့ အသက်သေဆုံးရတာ တွေက အင်မတန်ကြီးမားတဲ့ ကပ်ဘေးကြီးအဆင့် ရောက်လာလိမ့်မယ်ဆိုတဲ့ ကျိုးကြောင်းဆီလျော်တဲ့ စိုးရိမ်မှုတွေ ရှိနေ ပါတယ်။ တမီလ် ကျားသူပုန်တွေဟာ အရပ်သားတွေကို လူသားတံတိုင်းတွေအဖြစ် ဆက်ထိန်းသိမ်း ထားပြီး သူတို့ ထိန်းချုပ် ထားတဲ့ ဒေသထဲက ထွက်ပြေးဖို့ကြိုးစားသူတွေကို ပစ်သတ်မယ်ဆိုတဲ့သတင်းတွေ ကြားနေရပါတယ်။ ကလေးတွေ အပါ အဝင် အရပ်သားတွေကို စစ်သားတွေအဖြစ် အတင်းအဓမ္မ စုဆောင်းနေတယ်လို့လည်း ယုံကြည်ရပါတယ်။”
အဲဒီ ဗန်နီ ဒေသထဲမှာ စားနပ်ရိက္ခာနည်းနေပြီလို့ ကုလသမဂ္ဂ အကူအညီပေးအဖွဲ့တွေက ပြောပါတယ်။ အဟာရ မလုံလောက်တဲ့ ပြဿနာ အလွန်အမင်း ဆိုးရွားနေပြီး အဓိကကျတဲ့ ဆေးဝါးပစ္စည်းတွေလည်း ကုန်သလောက်ဖြစ်နေပြီလို့ ပြောကြပါတယ်။
အရပ်သားတွေကို တမီလ်ကျားသူပုန်တွေက ရက်ရက်စက်စက်နဲ့ လူမဆန်စွာပြုမူတာတွေဟာ အဆိုးဆုံးအပြစ်ကျူးလွန်တာ ပဲ လို့ ကော်မရှင်နာမင်းကြီး မစ္စ ပီလေး ကပြောပါတယ်။ ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်-မမြောက်ဆိုတာ စစ်ဆေး သင့်တယ်လို့ လည်း ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး သူပုန်တွေဘက်ကတော့ ဘာသံမှ မကြားရသေးပါဘူး။ ဒါပေမဲ့ သီရိလင်္ကာအစိုးရကတော့ သူတို့အဆို ကော်မရှင်နာမင်းကြီးရဲ့ ပညာရှင်မဆန်တဲ့ မှတ်ချက်စကားတွေအတွက် အင်မတန် စိတ်ပျက်မိတဲ့အကြောင်း ပြောပါတယ်။