သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားကျနိုင်ငံများ G-20 ကူညီမည်


ကမ္ဘာတလွှား စီးပွားရေး ကျဆင်းမှု ကြီးထွားလာနေတဲ့ တချိန်တည်းမှာပဲ G-20 လို့ ခေါ်တဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေက ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြု လုပ်ဆောင်သွားဖို့ ကတိကဝတ် ပြုလိုက်ကြပါတယ်။ လာမယ့် ဧပြီလ ၂ ရက်နေ့မှာ အင်္ဂလန် နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပမယ့် G-20 ထိပ်သီး စည်းဝေးပွဲမတိုင်ခင်မှာ အခုလို ကတိ ပေးလိုက်ကြတာပါ။ ဒီအကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ ဗွီအိုအေ သတင်းထောက် စွန်ညာ ပေ့စ် (Sonja Pace) သတင်းပေးပို့ ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရေရှည် တည်တံ့နိုင်ဖို့အတွက် လန်ဒန်မြို့အပြင်မှာ အခုကျင်းပခဲ့တဲ့ တရက်ခွဲကြာ တွေ့ဆုံ ဆွေးနွေးပွဲမှာ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ ဗြိတိသျှဘဏ္ဍာရေးဝန်ကြီး အလစ်စတဲရ် ဒါလင်း (Alistair Darling) က ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်မှုရှိလာစေဖို့ လိုအပ်တာတွေကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် လုပ်ဆောင်သွားကြဖို့ အဆင်သင့်ရှိနေတယ်ဆိုတာကို ကျနော်တို့ သဘောတူခဲ့ကြပါတယ်။”

ဦးစားပေးလုပ်ဆောင်ရမယ့် အထဲမှာ ဘဏ်တွေကို ငွေကြေး စိုက်ထုတ်ပေးခြင်းအားဖြင့် ငွေချေးငှားမှု ပြန်လည် လည်ပတ် လာအောင် လုပ်ဆောင်တာ၊ အထူးသဖြင့်တော့ Hedge Fund ခေါ် အတိုင်းအဆမရှိ ရဲတင်းစွာ ရင်းနှီးမြှုပ်နှံတာတွေ အပါ အဝင် ဘဏ္ဍာငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်တာနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒကို ဆန့်ကျင်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ဖွင့်ပေးတာတို့ ပါဝင်တဲ့အကြောင်း မစ္စတာ ဒါလင်း က ပြောပါတယ်။

စီးပွားရေးကျဆင်းမှုဒဏ်ကို အကြီးအကျယ် ခံနေရတဲ့ တိုင်းပြည်တွေကို ကူညီနိုင်ဖို့အတွက် IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကို ထောက်ပံ့ငွေတွေ တိုးမြင့် ထည့်ဝင်ဖို့လည်း G-20 စီးပွားရေး ခေါင်းဆောင်တွေက ကတိပြုခဲ့ကြပါတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်သာမကပဲ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ ကျနော်တို့ကိုပါ ရိုက်ခတ်လာနေတဲ့ ဒီ နိုင်ငံတကာ ငွေကြေး လှည့်လည်မှုဆိုင်ရာ ပြဿနာကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဖြေရှင်းနိုင်အောင် အကူအညီ ပေးသွားဖို့ ကျနော်တို့ ဆုံးဖြတ် ထားပါတယ်။”

စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေကို IMF က ဒေါ်လာ သန်း ထောင်ပေါင်းများစွာ ထောက်ပံ့ပြီး လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ADB အာရှဖွံ့ဖြိုးရေးဘဏ် ကိုလည်း ပိုမို ထောက်ပံ့ပေးသွားဖို့ ဘဏ္ဍာရေး ဝန်ကြီးတွေက တောင်းဆိုခဲ့ပါတယ်။

G-20 အဖွဲ့ဝင်နိုင်ငံတွေက အခုလို ကူညီဖို့ ကတိပေးလိုက်တာဟာ စီးပွားရေးပြန်လည် ဦးမော့လာရေးလုပ်ငန်းတွေ ပိုမို မြန်ဆန်စေမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီ ဂိုက်တနာ (Timothy Geithner) က ပြောပါတယ်။

“စီးပွားရေး ပြန်လည်ဦးမော့လာဖို့ ကမ္ဘာလုံးဆိုင်ရာ ကျယ်ပြန့်တဲ့ သဘောတူညီမှု အခု ကျနော်တို့မှာ ရှိနေပြီဖြစ်သလို ဒီကိစ္စ ကို ထိထိရောက်ရောက် အတူတကွ ကိုင်တွယ် ဖြေရှင်းဖို့ ကတိကဝတ်တွေ ရှိနေပါပြီ။”

နိုင်ငံတကာ ငွေကြေးစံနစ်ကြီးကို ပြင်ဆင်နိုင်ဖို့ အခြေခံ သဘောတူညီချက်တွေ ရရှိပြီးဖြစ်တယ်လို့လည်း မစ္စတာ ဂိုက်တနာ က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ငွေကြေးစံနစ်နဲ့ပတ်သက်လို့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နိုင်တဲ့ စံနစ်တခု ထား ရှိဖို့လည်း ဂိုက်တနာ က ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ငွေကြေးဈေးကွက်နဲ့ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ မစ္စတာ ဂိုက်တနာ က ပြောပါတယ်။

အဖွဲ့ဝင် နိုင်ငံတွေအကြား သဘောထားကွဲပြားမှု သိပ်မရှိတဲ့အတွက် အခု ကျင်းပခဲ့တဲ့ G-20 နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီး တွေ အနေနဲ့ သဘောတူညီချက်တွေရှိခဲ့ကြတာကတော့ သိသာပါတယ်။

အဓိက ကွဲပြားနေတဲ့အချက်ကတော့ အမေရိကန်အစိုးရရဲ့ လမ်းစဉ်ဖြစ်တဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို အစိုးရက ငွေကြေး အထောက်အပံ့တွေပေးပြီး လုပ်ဆောင်တဲ့နည်းကို ရွေးချယ်ကြမလား၊ ဒါမှမဟုတ် အလားတူ စီးပွားရေး ကျဆင်းမှုတွေနဲ့ ထပ်မံ မကြုံတွေ့ရလေအောင် ကြိုတင် တားဆီးတဲ့အနေနဲ့ ဘဏ်တွေနဲ့ တခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေအပေါ် တင်းကြပ်တဲ့ ဥပဒေတွေကို ချမှတ်လုပ်ဆောင်သွားမလား ဆိုတဲ့ အဆိုပြုချက်တွေပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG