သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား စုဆောင်းအသုံးပြုမှု တားဆီးမိန့် ၊ ချင်းအမျိုးသား တပ်မတော်တွင်း ထုတ်ပြန်


မြန်မာစစ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ချင်းအမျိုးသားတပ်ဦး CNF က သူတို့တပ်ဖွဲ့အတွင်းမှာ အရွယ်မရောက် သေးတဲ့ အသက် ၁၈ နှစ်အောက် ကလေးစစ်သား အသုံးမပြုဖို့ ဒီကနေ့ပဲ တရားဝင် ကြေညာချက် ထုတ်ပြန်ပြီးတော့ ကတိ ပေးသွားပါတယ်။ ဒါဟာ ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးဆောင်ရွက် ချက်တွေပေါ်မှာ ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိနေနိုင်ပါသလဲ။ မနန္ဒာချမ်း စုံစမ်းထားသမျှ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးစစ်သားအသုံးပြုတာတွေ ရှိနေတယ်လို့ ပြောဆိုဝေဖန်ခံနေရချိန် မှာ အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက် မြန်မာစစ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ချင်းအမျိုးသားတပ်ဦး CNF က နေ အခုလို ကလေးစစ်သားအသုံးပြုတာမျိုးတွေ သူတို့ချင်းအမျိုးသားတပ်မတော်အတွင်းမှာ မရှိတဲ့အကြောင်းနဲ့ ဒီလို အရွယ် မရောက် သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် ခေါ်ယူစုဆောင်းတာ၊ စစ်သင်တန်းပေးတာ၊ ရှေ့တန်း စစ် မြေပြင်တွေမှာ ပေါ်တာအဖြစ် အသုံးပြုတာတွေကို မလုပ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ရွှေခါး က ပြောပါတယ်။ ဒါပေမဲ့လည်း ဒီလို ညွှန်ကြားချက်ထုတ်ပြန်ရုံနဲ့ ထိရောက်မှု ရှိနိုင်ပါ့မလား။

“သက္ကရာဇ် ၂၀၀၀လောက်ကတည်းက ဒီလို မူဝါဒ ချမှတ်တာ ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ၁၈နှစ် အသက်ကို သတ်မှတ် တယ်။ တပ်မှူးတွေ၊ သင်တန်းတွေ ပေးမယ်ဆိုရင်လည်း သေသေချာချာ လမ်းညွန်ချက်တွေ ထုတ်တယ်။ စစ်သင်တန်းတွေ လုပ်မယ်ဆိုရင် ကိုယ်ရေးရာဇဝင်ကို သေချာ ဖြည့်ခိုင်းတယ်။ အဲဒါမျိုးတွေကအစ ကျွန်တော်တို့ သေသေချာချာ လုပ်တာ တွေ ရှိတယ်။”


ဒါပေမဲ့လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ မြန်မာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်းမှာ နှစ်ဖက်စလုံးကနေ ကလေးစစ်သားအသုံးပြုတာတွေ အမှန်တကယ်ပဲ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။ ၂၀၀၇ ဒီဇင်ဘာလတုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကနေ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာဆိုရင် မြန်မာစစ်အစိုးရဟာ ကလေးစစ်သားအသုံးပြုတာတင်မကဘဲ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးငယ်တွေကို အန္တရာယ်အများဆုံးပေးနေတဲ့ စစ်တပ်တခုအဖြစ် ဖော်ပြထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ဟာလည်း ကလေး စစ်သား အသုံးပြုတာတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါနဲ့ပတ်သက်လို့ CNF ကနေ လွတ်လပ်တဲ့အဖွဲ့အစည်း ဘယ် အဖွဲ့မဆို ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်လို့ စောင့်ကြည့်စစ်ဆေးနိုင်တယ်လို့လည်း ပြောဆိုပါတယ်။

“တကယ်လို့ ကလေးစစ်သားစုဆောင်းမှုတွေ ရှိမယ်ဆိုတာကို စစ်ဆေးချင်ရင် လာစစ်ဆေးလို့ရတယ်။ သူတို့ ကြိုက်တဲ့ တိုင်း တွေလည်း သွားလို့ရတယ်။ ကွင်းဆင်းပြီးတော့လည်း မှတ်တမ်းတွေကို စစ်ဆေးလိုက်လို့ ရတယ်။”

CNF တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါးဖြစ်ပါတယ်။ အခုလို CNF ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက် လူ့အခွင့်အရေးပညာပေးရေးအဖွဲ့ HREIB ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်း က ပြောပါတယ်။
“CNF က ကလေးစစ်သားအသုံးမပြုဘူးဆိုတဲ့ ကြိုတင်ပြီး ထုတ်ပြန်ခြင်းအားဖြင့် သူများတွေ ထောက်ပြလာမှ လုပ်တာမျိုး မဟုတ်ဘဲနဲ့ ကလေးစစ်သားအသုံးပြုမှုကို ကြိုတင်ပြီး ကာကွယ်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဒါဟာ မှန်ကန်တဲ့ အပြုအကျင့်ပဲ ဖြစ်ပါတယ်။ အခုလိုမျိုး ပေါ်လစီချ လုပ်ဆောင်ခြင်းအားဖြင့် ကလေးတွေကို စစ်တပ်ထဲ ဝင်တဲ့ နည်းလမ်းကို တားမြစ်နိုင် မယ်။ ဒါဟာလည်း အားကောင်းတဲ့ ကြိုတင် ဆောင်ရွက်ခြင်းတခု ဖြစ်ပါတယ်။”

HREIB အဖွဲ့မှ ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာစစ်အစိုးရရဲ့ စစ်တပ်အတွင်း ကလေး စစ်သား အသုံးပြုမှုဟာ ၇ သောင်းအထိ ရှိနေပြီး လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့အတွင်းမှာလည်း ၆ ထောင် လောက် ရှိနေတယ်လို့ HREIB အဖွဲ့က ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG