သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတိုက်အခံ လှုပ်ရှားသူအချို့  ဖမ်းဆီးခံရ


ဖမ်းဆီးထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့၊ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖိနှိပ်တာ တွေ မလုပ်ဖို့ တိုက်တွန်း တောင်းဆိုသံတွေ ကြားကပဲ အာဏာပိုင်တွေဘက်က ဖမ်းတာဆီးတာတွေကို ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေဆဲပါ။ မနေ့ညကဆိုရင်လည်း အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျန်းမာရေး ယိုယွင်းနေသူတဦးကိုပါ အကျိုးအကြောင်း ဘာမှန်းမသိရဘဲ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖမ်းထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ ပြောဆို နေချိန်မှာ ပြန်လွှတ်ပေးဖို့ထက် နောက်ထပ် ဖမ်းတာဆီးတာတွေကိုလည်း ဆက်လုပ်နေတာပါ။ ဒီရက်ပိုင်းမှာ ဆိုရင်လည်း ဆက်တိုက်ဆိုသလို အဖမ်းအဆီးတွေ လုပ်လာနေတဲ့ နေရာမှာ အများစုဟာဆိုရင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီဝင်တွေပါ။ ဒီအထဲကမှ အခုနောက်ဆုံး ဖမ်းဆီးခံခဲ့ရသူ အဲန်အယ်လ်ဒီ ပါတီဝင်တဦးဖြစ်တဲ့ ဒဂုံမြို့နယ်က ဦးကြည်လွင် ဟာဆိုရင်လည်း ကျန်းမာရေး ချို့တဲ့ပြီး လေဖြတ်နေတဲ့ကြားက အာဏာပိုင်တွေက လာဖမ်း သွားတာလို့ မိသားစုဝင်တွေက အကြောင်းကြားခဲ့လို့ အဲန်အယ်လ်ဒီက သိရတဲ့အကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“တောင်ဒဂုံက အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဦးကြည်လွင် မနေ့ညက အဖမ်းခံရပါတယ်။ ဒီ့မတိုင်ခင်ကလည်း ပထမ ကြားတာ က ဒေါ်စန်းစန်းမြင့် ခေါ် မချို အဲန်အယ်လ်ဒီ ကပါပဲ။ သူတို့တွေ သွားလာလှုပ်ရှားနေတာ ကျနော်တို့မျက်စိရှေ့မှာတော့ ဘာမှ ငြိစွန်းတာ မရှိဘူး။ ဒါပေမဲ့ ဘယ်အပေါ်မှာ မူတည်ပြီး ဖမ်းသလဲ ဆိုတာ ကျနော်တို့ မသိပါဘူး။”

ဟုတ်ကဲ့ အန်ကယ်။ ဒါဆို အခု ဒီနောက်ဆုံး အဖမ်းခံရတဲ့ ဦးကြည်လွင် ကျတော့ သူက ဘာလုပ်ငန်းတွေ လတ်တလော လုပ်နေတာရှိလဲ။ -

“သူက တချိန်တုန်းက ဟိုတုန်းကလည်း အဖမ်းခံရဖူးတယ်ဗျ။ အဲန်အယ်လ်ဒီမှာ တက်တက်ကြွကြွ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်၊ ဒါပေမယ့် လောလောဆယ်မှာ ဒီလူက လေဖြတ်နေတယ်ဗျ။ အဲဒီအခြေအနေကြီးကို ဖမ်းသွားတာ။ အဲဒီမှာ မနေ့ညက တနာရီခွဲ။ ဒီကနေ့မနက် တနာရီခွဲလို့ ပြောရင် ရတာပေါ့။”

စောစောကပြောတဲ့ မချို ကျတော့ရော သူ့ကို ဘယ်လို ဖမ်းသွားတာလဲ။ -

“မချိုက သောကြာနေ့က ဒီရုံးကနေ အိမ်အပြန် လမ်းထဲမှာ ဖမ်းတယ်။ ဘယ်မှာဖမ်းလဲတော့ မသိဘူး။ နောက်ပိုင်းမှ ရဲက သူနဲ့အတူနေတဲ့ တူမလေးကို လာ အကြောင်းကြားတယ်။ အဝတ်အစား လာယူတယ်။ အဲဒါကြောင့် သိရတာ။”

အဲန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပါ။

အခု ဖမ်းဆီးခံခဲ့ရတဲ့ ဦးကြည်လွင်၊ အဲန်အယ်လ်ဒီပါတီ လူမှုအထောက်အကူပြု အဖွဲ့မှာ လူမှုရေးလုပ်ငန်းတွေ ကူညီ လုပ်ကိုင် ပေးနေတဲ့ ဒေါ်စန်းစန်းမြင့် ခေါ် မချို တို့ မတိုင်ခင်မှာတုန်းကလည်းပဲ သာကေတမြို့နယ်က အဲန်အယ်လ်ဒီ အဖွဲ့ဝင် ကိုသိန်းလွင် တို့ ဖမ်းဆီးခံခဲ့ရသလို၊ ဒီလဆန်းပိုင်းမှာလည်း နောက်ထပ် အဲန်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်ကြတဲ့ စမ်းချောင်း မြို့နယ်က ဦးစိန်လှိုင် နဲ့ လှိုင်မြို့နယ်က ကိုရွှေဂျိုး တို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ အခုအချိန်အထိကတော့ ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေအနေနဲ့ တွေ့ဆုံခွင့် မရကြသလို၊ ဘယ်လိုအကြောင်းတွေနဲ့ ခုလို ဖမ်းဆီးခဲ့တယ် ဆိုတာတွေကိုလည်း မသိရဘူးလို့ အဲန်အယ်လ်ဒီပါတီ က ပြောပါတယ်။

တကယ်တော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းမှုတွေ ရှိနေတဲ့ကြားထဲကပဲ အခုလို တက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ၊ ဖိနှိပ်မှုတွေ ရှိနေတဲ့အတွက် မြန်မာစစ်အစိုးရအပေါ် ဝေဖန်မှုတွေကလည်း ရှိနေဆဲပါ။

ပြီးခဲ့တဲ့လထဲတုန်းကပဲ မြန်မာနိုင်ငံကို ၆ ရက်ကြာသွားခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စုံစမ်းသူ တိုမတ်စ်အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာဆိုရင်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စိန်ခေါ်မှု တွေ ရှိနေဆဲဆိုပြီး သူ့ခရီးစဉ်အဆုံးမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG