သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

တရားသူကြီးချုပ်ကို ရာထူးပြန်ခန့်မည်ဟု ပါကစ္စတန်အစိုးရ ကြေညာ


ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်နှစ် သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ် လက်ထက်တုန်းက ရာထူးကနေ ဖယ်ရှားခဲ့တဲ့ ဗဟို တရားရုံး တရားသူကြီးချုပ် အစ်ဖ်တီကာ ချောင်ဒရီ ကို ရာထူးပြန်ပြီးတော့ ခန့်အပ်မယ်လို့ အစိုးရက ကြေညာခဲ့ ပါတယ်။ တရားသူကြီးချုပ်ကို ရာထူးပြန်ခန့်အပ်ရေး တောင်းဆိုဆန္ဒပြမှုတွေဟာ တနင်္ဂနွေနေ့တုန်းက အရှိန်အမြင့်ဆုံး အနေအထား ကို ရောက်ခဲ့ပြီးတဲ့နောက်မှာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုကို လိုက်လျောမယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကြောင့် အစိုးရနဲ့ အတိုက်အခံအကြား တင်းမာမှုတွေကို ပြေလျော့သွားစေမှာပါလား။ အစ္စလာမ်မာဘက် မြို့ကနေ ဗွီအိုအေသတင်းထောက် ဘယ်ရီ နယူးဟောက်စ် သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ထောင်သောင်းချီတဲ့ ဆန္ဒပြတဲ့လူအုပ်ကြီး မြို့တော်အစ္စလာမ်မာဘက်မှာ အကြီးအကျယ် ကန့်ကွက်ဆန္ဒပြဖို့ စိုင်းပြင်းနေတဲ့ အချိန် တနင်္လာနေ့ အာရုံမတက်မီမှာပဲ ပါကစ္စတန် ၀န်ကြီးချုပ်က ရုပ်မြင်သံကြားကနေ နိုင်ငံကို အခုလို ကြေညာလိုက်တာ ပါ။

“ရာထူးက ဖြုတ်ချခံထားရတဲ့ ဗဟိုတရားရုံး တရားသူကြီးချုပ် အစ်ဖ်တီကာ မိုဟာမက်ချောင်ဒရီ နဲ့ တခြား တရားသူကြီး တွေကို ရာထူးပြန်ခန့်အပ်ဖို့အတွက် ၀န်ကြီးချုပ် ယူစွပ်ရာဇာ ဂီလာနီ နဲ့ ပါကစ္စတန် သမ္မတ တို့က ဆုံးဖြတ်ချခဲ့တာဖြစ် တယ်။” - လို့ ပါကစ္စတန် ၀န်ကြီးချုပ်က ပြောဆိုသွားပါတယ်။

လက်ရှိ ဗဟိုတရားရုံး တရားသူကြီးချုပ် တရားဝင်အနားယူမယ့် မတ်လ ၂၁ ရက်နေ့မှာ မစ္စတာ ချောင်ဒရီ ကျမ်းသစ္စာ ကျိန် ဆိုမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၀န်ကြီးချုပ်ဟောင်း န၀ဒ်ရှရစ် နဲ့ သူ့ရဲ့ ညီ ကို ရွေးကောက်ပွဲ မ၀င်ဖို့ တားမြစ်ခဲ့တဲ့ ဗဟိုတရားရုံးရဲ့ မကြာခင်က ဆုံးဖြတ်ချက်ကိုလည်း သူ့အစိုးရအနေနဲ့ ပြန်သုံးသပ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ အခုတလော ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကိုလည်း လွှတ်ပေးမယ်လို့ ဆိုပါတယ်။ ဆန္ဒပြတဲ့လူအုပ်ကြီး လာဟိုး မြို့ကနေ အစ္စလာမ်မာဘက် မြို့ကို တဖြည်းဖြည်း ချီတက်လာတဲ့အချိန် အစ္စလာမ်မာဘက် မြို့ကို ၀င်ခါနီးဆဲဆဲမှာပဲ ဒီသတင်း ထွက်ပေါ်လာတာမို့ ဆန္ဒပြတဲ့လူအုပ်ကြီး ၀မ်းသာအားရ အောင်ပွဲခံနေကြပါတယ်။ အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ် ဟောင်း န၀ဒ် ရှရစ်ဖ် က ဒီခရီးရှည် ဆန္ဒပြပွဲရဲ့ အောင်မြင်မှုကို လူထုအနေနဲ့ အောင်ပွဲခံသင့်တာပေါ့လို့ ပြောဆိုပါတယ်။

ဆန္ဒပြသူတွေ ကြိုးစားရကျိုး နပ်ပါတယ်တဲ့။ သူ့ကို ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ နဂိုကတည်းက ဒီ တရားသူကြီးချုပ် ချောင်ဒရီ ကို ရာထူးပြန်ခန့်အပ်ခဲ့ရင် နိုင်ငံအနေနဲ့ ဒီလို အခြေအနေမျိုးအထိ ကြုံရစရာ အကြောင်းမရှိဘူး လို့လည်း ပြောဆိုသွားပါတယ်။

မစ္စတာ န၀ဒ်ရှရစ်ဖ် နဲ့ အကြီးတန်း ရှေ့နေတွေက ဒီကနေ့ အစ္စလာမ်မာဘက် မြို့မှာ အကြီးအကျယ် ဆင်နွှဲမယ့် ဆန္ဒပြပွဲကို ရုပ်သိမ်းလိုက်ကြပါပြီ။ ဆန္ဒပြသူတွေက အစိုးရကို အံတုပြီးတော့ လွှတ်တော်ရှေ့မှာ ဆက်ပြီး ဆန္ဒပြကြမယ်လို့ ကြုံးဝါးနေ ကြပေမဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှာ အစိုးရအတွင်း မတည်မငြိမ် ဖြစ်မှာကို စိုးရိမ်တဲ့အတွက် အခုလို ရုပ်သိမ်းတာလို့ ပြောဆိုပါ တယ်။

တရားသူကြီးချုပ် အစ်ဖ်တီကာ မိုဟာမက် ချောင်ဒရီ ရဲ့ အစ္စလာမ်မာဘက် မြို့က နေအိမ်မှာတော့ သူ့ကို ထောက်ခံသူတွေ နဲ့ ရှေ့နေတွေ အောင်ပွဲခံနေကြပါတယ်။ ၂၀၀၇ ခုနှစ်က နိုင်ငံရေးဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးတော့ အရေးပေါ် အခြေအနေ ကြေညာမယ်ဆိုတဲ့ သမ္မတ မူရှာရက်ဖ် ရဲ့ အဆိုပြုချက်ကို တရားသူကြီးချုပ် ချောင်ဒရီ က စိန်ခေါ်ဖို့ ကြိုးစားခဲ့တာကြောင့် မို့လို့ ရာထူးက ဖြုတ်ပစ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လွတ်လပ်စွာ တရားစီရင်ရေးကို ပြန်ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းကတော့ ဖြုတ်ချခံရတဲ့ တရားသူကြီးချုပ် ရှေ့နေတွေကို ပြန်လည်ခန့်ထားရေးပဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တစိုက်မတ်မတ် တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတဟောင်း မူရှာရက်ဖ် ရဲ့ အတိုက်အခံတွေဖြစ်တဲ့ လက်ရှိ ၀န်ကြီးချုပ် အာဆစ်ဖ်အလီ ဇာဒါရီ နဲ့ ပါကစ္စတန်ပြည်သူ့ ပါတီက ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဒီတရားသူကြီးကို ရာထူးပြန် ခန့်အပ်ပါမယ်လို့ ကတိ တွေ ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာ ဇာဒါရီ က ကတိမတည်ခဲ့ပါဘူး။ မပြီးပြတ်သေးတဲ့ သူ့ရဲ့ အဂတိ လိုက်စား မှုကို ကင်းလွတ်ခွင့်ပေးတာကို ပြန်ရုပ်သိမ်းမှာ စိုးရိမ်တဲ့အတွက် ဒီတရားသူကြီးကို ရာထူးပြန်မခန့်ဘဲ နေခဲ့တာလို့ ပြောပါ တယ်။ တရားသူကြီးချုပ် မစ္စတာ ချောင်ဒရီ ရဲ့ပြောခွင့်ရပုဂ္ဂိုလ် အာတာ မနေလာ ကတော့ ဒီကြေညာချက်ကို ကြိုဆိုပေမဲ့ တခြားရှေ့နေတွေကို ရာထူးပြန်ခန့်ရေးနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စောင့်ကြည့်ဖို့ လိုသေးတယ်လို့ အခုလို ပြောပါတယ်။

“နိုင်ငံရဲ့ အခြေခံဥပဒေကို အထွဋ်အထိပ်ထား လေးစားထိန်းသိမ်းတဲ့ အနေနဲ့ ဒီတရားသူကြီးချုပ်နဲ့ ရှေ့နေတွေကို ရိုးသား စွာ ရာထူးပြန်ခန့်အပ်တယ်ဆိုတာကို သက်သေပြပြီးတော့ သမ္မတ ဇာဒါရီ အနေနဲ့ လူထုရဲ့ ယုံကြည်ကိုးစားမှုကို အရယူပါ။” - လို့ ပြောဆိုသွားတာပါ။

တရားသူကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အစိုးရအနေနဲ့ ကဖျက်ယဖျက် လုပ်လားမလားဆိုတာကိုတော့ ရှေ့နေတွေ အနေနဲ့ အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်လို့ မစ္စတာ မနေလာ က ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG