သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးဖို့ ကုလကိုယ်စားလှယ် တောင်းဆို


မြန်မာအစိုးရအနေနဲ့ ကြေညာထားတဲ့ ရှေ့နှစ်ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၁၀၀ ကျော်ကို လွှတ်ပေးသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်နဲ့ညီတဲ့ နိုင်ငံတကာစံနှုန်းတွေ စံထားတွေ ပြည့်မှီစေဖို့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးသင့်တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာအစိုးရကို ထောက်ပြခဲ့တာပါ။ ဆွီဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ နှစ်ပတ်လည် အစည်းအဝေးကို တင်သွင်းတဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာထဲမှာ အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကို အကြံပြုချက်တခုအနေနဲ့ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အတွင်းက ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအတိုက်အခံတွေကို နိုင်ငံရေးလှုပ်ရှားမှု မလုပ်အောင် အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာမျိုး - နိုင်ငံရေး အတိုက်အခံတွေကို အတင်းအကျပ် ဖိအားပေး အကျပ်ကိုင်တာမျိုး တွေလည်း စစ်အစိုးရအနေနဲ့ မလုပ်သင့်ဘူးလို့ မစ္စတာ ကင်တာနား က ပြောပါတယ်။ ဒါ့အပြင် ပြန်လွတ်မြောက်ဖို့ စောင့်ဆိုင်းနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ကောင်းကောင်းမွန်မွန်ထားပြီး၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပေးဖို့ ထောက်ပြထားပါတယ်။

မစ္စတာ ကင်တာနား ဟာ အခုအစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီကို မတင်သွင်းခင် ပြီးခဲ့တဲ့လကတော့ မြန်မာနိုင်ငံကို သွားရောက်ပြီး လူ့အခွင့်အရေးအခြေအနေတွေ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအတိုက်အခံ အတော် များများဟာ ရှေ့နေ ရှေ့ရပ်မရှိဘဲ မိသားစုဝင်တွေမသိဘဲ အခြားခိုင်လုံတဲ့ အထောက်အထားတွေမရှိဘဲ တံခါးပိတ် ရုံးတင် စစ်ဆေး အပြစ်ပေးခံကြရတယ်လို့ တွေ့ရှိတဲ့အကြောင်း သူ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ သတင်းဇာစ်မြစ်တွေအရ နိုင်ငံရေး အတိုက်အခံတွေရဲ့ အမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဖြစ်သူတွေဟာလည်း တရားရုံးကို မထေမဲ့မြင်ပြုတယ် ဆိုတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် အပြစ်ပေးခံရတဲ့ အကြောင်းလည်း သူ့အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

မြန်မာအစိုးရကတော့ ပြီးခဲ့တဲ့လအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ၂၉ ဦးအပါအဝင် အကျဉ်းသားပေါင်း ၆,၀၀၀ ကျော်ကို ပြန်လွှတ်ခဲ့ပါတယ်။ ဒီလို လွှတ်ပေးတဲ့အပေါ် ကြိုဆိုကြောင်း မစ္စတာ ကင်တာနား က ဖော်ပြပါတယ်။ ဒါပေမဲ့လည်း လွှတ်တဲ့အရေအတွက်နဲ့ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရေအတွက်ကိုယှဉ်ရင် အတိုင်းအဆအရ အင်မတန် နည်းပါးတယ်လို့တော့ ထောက်ပြပါတယ်။

မစ္စတာ ကင်တာနား ဟာ အခု ဆွီဇာလန် ဂျနီဗာစံတော်ချိန် အခုညနေပိုင်းမှာတော့ လူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စကို နှုတ်အားဖြင့် အစီရင်ခံမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG