မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အင်ဒိုနီးရှားနိုင်ငံကို ရောက်နေတုန်း လှေစီးပြေး ရိုဟင်ဂျာတွေရဲ့ ပြဿနာကို အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘန်ဘန်း နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
ဒီကနေ့ တနင်္လာနေ့မှာ ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့ သမ္မတ ဆူဆီလို ဘန်ဘန်း တို့တွေ့ဆုံတဲ့အခါမှာ လှေစီးပြေးရိုဟင်ဂျာ ကိစ္စ ကို ဆွေးနွေးမှာဖြစ်တယ်လို့ သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီနိုပါတီဂျလဲ က ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ စစ်တပ်အုပ်ချုပ်မှုစနစ်နဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာ တွေ ဟာ မြန်မာပြည်က မဟုတ်ဘူးလို့လည်း စစ်အစိုးရက ငြင်းဆိုနေတာဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းက မြန်မာပြည်ကနေ လှေစီးပြီးထွက်ပြေးလာတယ် ဆိုတဲ့ ရိုဟင်ဂျာ ၁,၀၀၀ ကျော်ရဲ့ အရေးကိစ္စဟာ မြန်မာ စစ်အစိုးရနဲ့အတူ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေပါ ဝင်ရောက် ဖြေရှင်းနေရတာလည်း ဖြစ်ပါတယ်။
မြန်မာဝန်ကြီးချုပ်ကတော့ ဒီလူတွေဟာ မြန်မာနိုင်ငံက လူတွေဖြစ်တယ်ဆိုတဲ့ အထောက်အထားတခုခုကို ပြနိုင်တယ် ဆိုရင် ပြန်လက်ခံမယ်လို့ ကတိပေးထားတယ်လို့လည်း မစ္စတာ ဂျလဲ က ပြောပါတယ်။
မြန်မာစစ်အစိုးရကတော့ သူတို့ကို နိုင်ငံသားအဖြစ် လက်ခံဖို့ကိုလည်း ငြင်းဆိုထားပါတယ်။ အခု ရိုဟင်ဂျာကိစ္စအတွက် ပြေလည်နိုင်မယ့် ဆွေးနွေးမှုတွေ မရခင်အထိ လှေစီးပြေးရိုဟင်ဂျာ အယောက် ၄၀၀ ကျော်ကို ဆမူဒရာ ကျွန်းက အာချေး ပြည်နယ်ရှိ အထူးစခန်းမှာ ဆက်လက်နေထိုင်ခွင့် ပေးမယ်လို့လည်း ပြောပါတယ်။