မတ် ၁၆၊ ၂၀၀၉ - ပြီးခဲ့တဲ့ သီတင်းပတ် စီးပွားရေးကဏ္ဍမှာ ကမ္ဘာ့စီးပွားရေးဖိုရမ်က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာတဝန်းစီးပွားရေး ယှဉ်ပြိုင်လုပ်ကိုင်နိုင်မှုဆိုင်ရာ အစီရင်ခံစာနဲ့ဆက်နွယ်ပြီး အဲဒီ အစီရင်ခံစာမှာပါတဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားအဆင့်တွေကနေ ကျနော်တို့ ဘာကိုသိနိုင်လဲ၊ မြန်မာနိုင်ငံကရော ဒီအစီရင်ခံစာထဲမှာ ဘာ့ကြောင့် မပါတာလဲဆိုတာတွေအပေါ် အမေရိကန် တက္ကသိုလ်က စီးပွားရေးသုတေသီ ဦးဇော်ဦးရဲ့အမြင်ကို ဆက်သွယ်မေးမြန်းပြီး တင်ပြခဲ့ပါတယ်။
ဒီအစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်လာတာမှာ ၂၀၀၈-၂၀၀၉ အတွက်ထုတ်ပြန်တဲ့ အစီရင်ခံစာအရဆိုရင် နိုင်ငံပေါင်း ၁၃၄ နိုင်ငံထဲမှာ ASEAN အရှေ့တောင်အာရှနိုင်ငံတွေထဲက ၈ နိုင်ငံ ပါပါတယ်။ အဲဒီထဲမှာ စင်္ကာပူက အဆင့်ငါး၊ မလေးရှားက အဆင့် ၂၁ နဲ့ ထိပ်တန်း နိုင်ငံ ၃၀ စာရင်းထဲမှာပါပြီး ထိုင်းက အဆင့် ၃၄၊ ဘရူနိုင်းဒါရူဆလမ်က အဆင့် ၃၉၊ အင်ဒိုနီးရှားက အဆင့် ၅၅၊ ဗီယက်နမ်က အဆင့် ၇၀၊ ဖိလစ်ပိုင်က အဆင့် ၇၁ နဲ့ ကမ္ဘောဒီးယားက အဆင့် ၁၀၉ အသီးသီးရှိကြပြီး မပါတဲ့နိုင်ငံတွေကတော့ မြန်မာနဲ့ လာအိုတို့ ဖြစ်ပါတယ်။
အစီရင်ခံစာထဲမှာ
မြန်မာနိုင်ငံမပါဝင်ရတာရဲ့ အကြောင်းရင်းတခုကတော့ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်တဲ့
ညွှန်ကိန်းတွေကို တိတိကျကျ မရတာက အချက်တချက်ဖြစ်နိုင်တယ်လို့ ဦးဇော်ဦးက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ခြေရှိတဲ့ နောက် အချက်တချက် ကိုလည်း ဦးဇော်ဦးက သုံးသပ်ပြခဲ့ပါတယ်။