သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးဆွေးနွေးမှုမှာ နိုင်ငံရေးပယောဂကင်းဖို့ မြန်မာစစ်အစိုးရ တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ရဲ့ အစီရင်စာနဲ့ပတ်သက်လို့ မြန်မာနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေက ဘာတွေ တုံ့ပြန်ပြောဆိုခဲ့ကြသလဲ ဆိုတာကို ကိုသားညွှန့်ဦး က တင်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ ပြည့်မီစေဖို့ဆိုပြီးတော့ မစ္စတာ ကင်တားနား က အကြံပြု တောင်းဆိုထားတဲ့အတိုင်းပဲ ဥရောပနိုင်ငံတွေ အပါအဝင် နိုင်ငံတော်တော်များများ ကလည်း အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို အတော်လေး အလေးပေးတုံ့ပြန်တာ တွေ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးအစုအဖွဲ့တွေအားလုံး ပါဝင်ခွင့်ရှိနိုင်ဖို့၊ ဒီ့မတိုင်ခင်မှာ နိုင်ငံရေးလွတ်လပ်ခွင့်ရှိဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိုလည်း သူတို့က ထပ်မံတောင်းဆို တုံ့ပြန်ပါတယ်။ မြန်မာစစ်အစိုးရကတော့ လူ့အခွင့်အရေး ကိစ္စနဲ့ ဒီလိုမျိုးနိုင်ငံရေးကိစ္စတွေ မပတ်သက်သင့်ဘူးလို့ စစ်အစိုးရ ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် က ပြောသွားပါတယ်။

"အခုလို အရေးကြီးတဲ့အချိန်မျိုးမှာ လူ့အခွင့်အရေးကိစ္စတွေမှာ နိုင်ငံရေး ပယောဂ ပါတာမျိုးကို ရှောင်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ ဆိုရင် ပူးပေါင်းဆောင်ရွက်မှုကသာလျင် အကောင်းဆုံး ဖြစ် တယ် လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ မှာ အဓိက ထားပါတယ်။ ဒါကြောင့်မိုလို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ရော၊ လူ့အခွင့်အရေး ကောင်စီနဲ့ ပါ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို မထိခိုက်သရွေ့ မြန်မာနိုင်ငံက ရှိခဲ့တဲ့ ရိုးရိုးသားသား ဆက်ဆံမှု၊ အပြန်အလှန်အယုံအကြည် ထားရှိမှုတွေနဲ့ ဆက်နွှယ်ပြီးတော့ လက်တွဲဆောင်ရွက်သွားပါ့မယ်။" - လို့ မြန်မာ စစ်အစိုးရ ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် က လူ့အခွင့်အရေးကောင်စီကို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းက လူမှုအကျပ်အတည်းကိစ္စတွေနဲ့ပတ်သက်လို့လည်း စိုးရိမ်တဲ့နိုင်ငံတွေ ရှိကြပါတယ်။

"မြန်မာနိုင်ငံတွင်း မြန်မာလူထုအတွက် ကုလသမဂ္ဂရဲ့ ထောင်စုနှစ်စီမံကိန်းတွေ အကောင်အထည် ဖော်ပေးနေတဲ့ ဒီ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို လိုအပ်တဲ့ အကူအညီငွေကြေးတွေ ထောက်ပံ့ပေးဖို့ မစ္စတာ ကင်တားနား က တောင်းဆို ထားပါတယ်။ ဒီအတွက်ကြောင့် မကြာခင်တုန်းက နော်ဝေနဲ့ ဒိန်းမတ်နိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီးတွေ မြန်မာ နိုင်ငံကိုသွားရောက်တဲ့အပေါ်မှာ စင်ကာပူနိုင်ငံအနေနဲ့ အားပေးထောက်ခံပါတယ်။" - လို့ စင်ကာပူ ကိုယ်စားလှယ်က ပြောသွားတာပါ။

မြန်မာအစိုးရအပေါ်မှာ သြဇာညောင်းတယ်လို့ ယူဆကြတဲ့ ဒီအိမ်နီးချင်းတရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှု တဖြည်းဖြည်းချင်း ဖြစ်လာစေဖို့ နိုင်ငံတကာအနေနဲ့ အချိန်ယူရမယ်လို့ ပြောသွားပါတယ်။

"မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားတင်မဟုတ်ဘဲနဲ့ အခုလိုမျိုးအချိန် ကမ္ဘာ့ငွေကြေး အကျပ်အတည်းနဲ့ ကြုံနေရတဲ့အချိန်မှာ တကမ္ဘာလုံးနဲ့ပါ သက်ဆိုင်ပါတယ်။ ဒီလိုအချိန်မှာ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ပိုပြီးတော့ ခက်ခဲမှုတွေ ရင်ဆိုင်ရမယ်ဆိုတာ တရုတ်နိုင်ငံအနေနဲ့ နားလည်ထားပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲမှုတွေ တဖြည်းဖြည်းချင်း ထွက်လာစေဖို့ နိုင်ငံတကာ အနေနဲ့က အခင်းအကျင်း အခြေအနေသစ်တွေ ဖန်တီးပေးရပါမယ်။" - လို့ တရုတ်ကိုယ်စားလှယ် အမျိုးသမီးက စကားပြန် ကတဆင့် ပြောသွားတာပါ။

အခြား မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားအပါအဝင် ဥရောနိုင်ငံ အတော်များများကတော့ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး အခြေအနေတွေမှာ စိန်ခေါ် အကဲစမ်းချက်တွေ ရှိနေတုန်းပဲ ဆိုတာကို ပြောပြီးတော့ ဒီ့အတွက် မြန်မာအစိုးရအနေနဲ့ ပြည်တွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အစီအစဉ်မှာ အတိုက်အခံတွေကိုပါ ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်ဖို့၊ နောက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့လည်း ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG