သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအကျယ်ချုပ်အမှု အယူခံ နောက်တကြိမ်တင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့အပေါ် စဉ်းစား သုံးသပ်ဖို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက တင်ပြထားပေမဲ့လည်း အခုဆို လအတန်ကြာလာတဲ့အထိ ထူးခြားမှုတွေ မတွေ့ ရသေးဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။ ဒီနှစ်ထဲမှာပဲ သက်တမ်းတိုး ချုပ်နှောင်ထားတာ ၅ နှစ်ပြည့်တော့မှာ ဖြစ်ပေမဲ့ ဒီလို ထိန်းသိမ်းထားတဲ့အပေါ် ပြန်လည်စဉ်းစားဖို့ လျှောက်ထားတဲ့အပေါ် ဘာမှ တုံ့ပြန်လာတာမရှိသေးတာမို့ ရှေ့နေတွေ က စစ်အစိုးရ အာဏာပိုင်တွေကို နောက်ထပ် အကြောင်းကြားခဲ့တယ် လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက် ထိန်းသိမ်းထားတဲ့ ကိစ္စ ပြန်ပြီးရုပ်သိမ်းပေးဖို့အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက မြန်မာစစ်အစိုးရ ဆီကို အယူခံလွှာ တင်သွင်းထားပေမယ့်၊ ရေရေရာရာ တုံ့ပြန်မှုမျိုး မရှိသေးတာကြောင့် ဥပဒေအကျိုးဆောင်တွေက နောက်ထပ်စာတစောင် ဒီတပတ်ထဲမှာပဲ ထပ်ပြီးပေးပို့ခဲ့တာပါ။ အယူခံလွှာတင်ထားတာ လပေါင်း အတော်ကြာလာတဲ့နောက်၊ ဒီနှစ်ဆန်းပိုင်းမှာမှ အာဏာပိုင်တွေက နေပြည်တော်ကို လာပြီး ရှေ့နေချုပ်ရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ ဥပဒေအကျိုးဆောင်တွေကို ဆင့်ခေါ်ခဲ့တာ တခုကလွဲလို့ ဘာမှ မထူးခြားသေးတာမို့၊ ဒီကိစ္စကို အမြန်ဆုံး ကြားနာပေးဖို့အတွက် ထပ်ပြီး အကြောင်းကြားရတာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးကြည်ဝင်း က ပြောပါတယ်။

“ကျနော်တို့ အယူခံ တင်ထားပါတယ်။ ဘယ်နေ့ကတည်းက တင်ထားပါတယ်၊ အခု ဘယ်လောက်အချိန် ရှိသွားပါပြီ၊ ဒါကြောင့်မို့လို့ အဲဒီအယူခံကို ကြားနာပေးပါ။ အဲဒီမကြားနာခင်လည်း ဖြစ်နိုင်ရင် ဒေါ်စု နဲ့ တွေ့ဆုံခွင့်ပေးပါ။ အဲဒါ ကျနော်တို့ က တင်တာပါ။ ၉ ရက် ၁၀ လ ၂၀၀၈ က တင်ထားတာ။ အခု ကျနော်တို့ စာတင်လိုက်တော့ ၅ လ ကျော်နေပြီ။ ၅ လ ကျော် လာတာက တပိုင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချုပ်တဲ့ရက်ကလည်း ၂၀ ရက် ၅ လ ၂၀၀၉ ဆိုရင် ကုန်ပြီ။ ကုန်တော့ ရက်ပေါင်းက ၇၅ ရက် ကျန်တော့တယ်။ ဒါက အဲဒီရက်က။ အခုဆိုရင် ပေါင်း ၇ ရက်ပဲ ကျန်တော့တယ်။ နိုင်ငံသားတယောက်ကို အခွင့်အရေးတွေ ဘာတွေ ကန့်သတ်တာလည်း သတ်ပေါ့လေ။ ချုပ်ချယ်ပေမဲ့ အခြေခံအားဖြင့်က တော့ လူတယောက်ကို ထုချေခွင့်ပေးရမယ်။ ဖြေရှင်းခွင့် ပေးရမယ်။ ဒါက ဘယ်ဥပဒေမှာ ကြည့်ကြည့်၊ ဘယ်စနစ်မှာ ဖြစ်ဖြစ်၊ ဘယ်ဖွဲ့စည်းပုံမျိုး ထပ်ထုတ်ဦး၊ ခုခံချေပခွင့်ဆိုတာတော့ ပေးကို ပေးရမယ့်ဥစ္စာ။ အခုဟာက ခုခံချေပခွင့် မပေးတဲ့ သဘော ဖြစ်နေတယ်။”

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် အခုလို အရေးယူဖမ်းဆီးမှုတွေ ရှိနေတာ၊ ဒီလို ဖမ်းဆီးချုပ်နှောင်ရာမှာလည်း ဥပဒေနဲ့ အညီဆောင်ရွက်တာတွေ မရှိဘူးဆိုပြီး ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်မှုတွေလည်း ရှိနေတာပါ။ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့တ်စ် အိုဟေး ကင်တားနား ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ လကပဲ မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့တုန်းက မြန်မာနိုင်ငံက တရား စီရင်မှုတွေနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းဖို့ ရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က တော့ သူတို့အနေနဲ့ ဥပဒေနဲ့အညီ စီရင်မှုတွေသာ ရှိတယ်၊ ပြစ်ဒဏ်ပေးခံရသူတွေ အနေနဲ့လည်း အယူခံပိုင်ခွင့်တွေ ပေးထားတယ်ဆိုပြီး တုံ့ပြန်ထားတာပါ။ ဒါပေမဲ့လို့ လွန်ခဲ့တဲ့ ၁၉ နှစ်တာကာလအတွင်း ၁၄ နှစ်လောက် ဖမ်းဆီးခံနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အခုလည်း ဆက်လက် ချုပ်နှောင်ထားတဲ့အပေါ် ဥပဒေအကျိုးဆောင် ဦးကြည်ဝင်း က ပြောတဲ့ နေရာမှာတော့ -

“ကုလသမဂ္ဂက သုံးကြိမ်သုံးခါ ဟုတ်လား၊ ကုလသမဂ္ဂ ဆိုတာကလည်း အဲဒီမှာ ကော်မီတီတခု ရှိတယ်လေ။ အဲဒီ ကော်မီတီ ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဟိုး ပထမအကြိမ်၊ ပထမအကြိမ်ဆိုတာက ၁၉၈၉ ခုနှစ်တုန်းက ချုပ်တဲ့အချိန် ဒါက တကြိမ်။ နောက်တခါ ၂၀၀၀ ပြည့်နှစ်မှာတကြိမ်၊ နောက် အခု ၂၀၀၃၊ ၂၀၀၄ မှာ။ အကုန်လုံးကို Arbitrary Detention ပါဆိုပြီးဆုံးဖြတ်ရင် ဥပဒေမှာတော့ Arbitrary Detention ဆိုတာ ရှိတယ်။ Arbitrary အဘိဓါန်မှာရှာကြည့်ရင် အဓိပ္ပါယ်ကို သုံးလေးငါးမျိုးလောက် ထွက်တယ်။ အဲဒီအထဲမှာ အယဉ်ကျေးဆုံးကတော့ ဆန္ဒာဂတိလိုက်ပြီးတော့ ချုပ်နှောင်ခြင်းတဲ့။ ဆန္ဒာဂတိ။”

၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စည်းရုံးရေးခရီးစဉ်ကို အစိုးရ ကျောထောက် နောက်ခံ ပေးထားသူတွေက တိုက်ခိုက်ခဲ့တဲ့နောက်၊ အရေးပေါ် စီမံမှုဥပဒေပုဒ်မ ၁၀-က နဲ့ နေအိမ်မှာ ဆက်လက် ချုပ်နှောင်ထားခဲ့တာပါ။ ဒါပေမဲ့လို့ ဒီဥပဒေအရ ၅ နှစ်ထက် ပိုမိုချုပ်နှောင်ခွင့် မရှိသလို ဥပဒေရဲ့ ပြဋ္ဌာန်းချက် အပေါ်မှာ လည်း ရှေ့နေတွေက ခုခံချေပဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG