အိန္ဒိယသမုဒ္ဒရာထဲက မာဒါဂတ်စကာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Andry Rajoelina ကို နိုင်ငံရဲ့ ယာယီသမ္မတအဖြစ် အခြေခံဥပဒေဆိုင်ရာ တရားရုံးက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ မစ္စတာ Rajoelina က သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာခဲ့ပြီး နောက်တရက် ဗုဒ္ဓဟူးနေ့မှာ အခုဆုံးဖြတ်ချက် ထွက်လာတာပါ။ အခြေခံဥပဒေ အရ ဆိုရင် အသက် ၃၄ နှစ်အရွယ် မစ္စတာ Rajoelina ဟာ တိုင်းပြည်ကို ခေါင်းဆောင်ဖို့ သိပ်ကို ငယ်ရွယ်လွန်းပါသေးတယ်။ နောက်နှစ်နှစ်အကြာမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်ဖို့ အသွင်ကူးပြောင်းရေး အစိုးရတရပ်ကို Rajoelina ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
လပေါင်းအတော်ကြာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် သမ္မတ Marc Ravalomanana နှုတ်ထွက်သွားပြီး စစ်ဘက်ကို အာဏာလွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် Rajoelina သမ္မတ ဖြစ်လာတာပါ။ ဆန္ဒပြပွဲတွေကို သူက ဦးဆောင်ခဲ့တာဖြစ်ပြီး စစ်တပ် အရာရှိကြီးတွေက သူ့ကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ အခြေခံဥပဒေကို လေးစားလိုက်နာဖို့ အာဖရိကသမဂ္ဂက မာဒါဂတ်စကာနိုင်ငံကို တိုက်တွန်းနေပြီး အမေရိကန်က အကူအညီတွေ ဖြတ်တောက်မယ်လို့ သတိပေးထားပါတယ်။