သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ၀န်ကြီးချုပ်ကို ဂုဏ်ပြုပြီး စင်္ကာပူသစ်ခွကို “Dendrobium သိန်းစိန်” ခေါ်   


မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိအောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဆန္ဒနဲ့အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ စင်္ကာပူ အစိုးရက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စင်္ကာပူ အစိုးရဟာ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ညိုဝါရောင်ရှိတဲ့ သစ်ခွပန်းတခုကို ဒန်ဒရိုဗီယန်သိန်းစိန် လို့ နာမည် ပေးလိုက်တဲ့အတွက် အတိုက်အခံတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရေးတွေ တိုးတက်မှုရှိလာစေဖို့ သိသိသာသာ လုပ်ပြရမယ့် အချိန်အခါကို အမိအရ ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ညစာ တည်ခင်းကျွေးမွေးတဲ့ အခမ်းအနားမှာ စင်္ကာပူ ၀န်ကြီးချုပ် လီရှောင်လုံးက ပြောလိုက်တာပါ။ ဘဏ္ဍာရေး ပြဿနာတွေ၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ ရိုက်ခတ်နေလို့ နိုင်ငံတကာ ရုန်းကန်နေကြရချိန် အစိုးရတွေဟာ ကိုယ့်ပြဿနာတွေကို တခြားဒေသတွေနဲ့ ပူးတွဲပြီး အထိရောက်ဆုံး ဖြေရှင်းသွားဖို့ လုပ်နေရတဲ့ အချိန်ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီလို ပြောဆိုနေချိန်မှာပဲ ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ခရီးစဉ် အဆုံးသတ်မယ့်နေ့မှာတော့ စင်္ကာပူနိုင်ငံက ဧည့်သည် မြန်မာဝန်ကြီးချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သစ်ခွပန်းတမျိုးကိုလည်း ၀န်ကြီးချုပ်ရဲ့ အမည်ပေးအပ်ပွဲ အခမ်းအနား ကိုလည်း ကျင်းပခဲ့ပါတယ်။ စင်္ကာပူနိုင်ငံက ရုက္ခဗေဒ ဥယျာဉ်မှာ ဒီအခမ်းအနားပွဲ စီစဉ်လိုက်လို့ တက်ကြွလှုပ်ရှားသူ စင်္ကာပူ နိုင်ငံသားတချို့က ကန့်ကွက်တဲ့ အထိ ဖြစ်ခဲ့ရတာပါ။

“ဒေါ်အောင်ဆန်းစုကြည်အတွက် နှုတ်ခွန်းဆက် ကဒ်ပြားတခုနဲ့ ပန်းစည်း တစည်း ၀န်ကြီးချုပ်က တဆင့် ပေးဖို့အတွက် ကျွန်တော်တို့ လုပ်ခဲ့ကြပါတယ်။ ဖြစ်သွားတာကတော့ ပန်းအမည်ပေးပွဲကို သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး သူတို့က လုပ်ခဲ့ကြပြီးတော့ အဲဒီမှာ ကျွန်တော်တို့ ပေးဖို့ မလုပ်နိုင်ခင်မှာဘဲ စောစောစီးစီး ထွက်သွားကြတာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပန်းစည်းကို မြန်မာသံရုံးကို ယူသွားပါတယ်။ မြန်မာသံရုံးက ဘယ်ဝန်ထမ်းကမှ ထွက်ပြီး မယူတာမို့ အဲဒီမှာပဲ ချန်ထားခဲ့ရပါတယ်”
လို့ ရှေ့နေ မစ္စတာ ချီရှာတေးလေ ပြောပါတယ်။

စင်္ကာပူ အစိုးရအနေနဲ့က လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း စစ်အစိုးရကို ကန့်ကွက်ပြောဆိုတာတွေ မလုပ်ဘဲ ဂုဏ်ပြုတဲ့ လုပ်ရပ်မျိုးကို တွေ့ရလို့ အခုလို လုပ်ရတာပါလို့ သူကပဲ ပြောပါတယ်။

“ကျွန်တော်တို့ ဒီလို သွားခဲ့တာကတော့ ကျွန်တော်တို့ လက်မခံနိုင်ကြောင်း ပြသဖို့ပါ။ စင်္ကာပူ အစိုးရက သစ်ခွပန်းတခုကို မြန်မာစစ်ဗိုလ်ချုပ်ရဲ့ အမည်ပေးတဲ့ကိစ္စကို လက်မခံနိုင်တဲ့အတွက်ပါ။ ဒါဟာ မြန်မာ စစ်အစိုးရက လူ့တွေအပေါ် အကြမ်းဖက် နှိပ်ကွက်နေတာတွေ၊ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေကို အာဏာ မအပ်နှင်းနိုင်သေး တဲ့ အခြေအနေမှာ ဒီလို လုပ်ရပ်ဟာ မလုပ်သင့်တဲ့ လုပ်ရပ်လို့ ကျွန်တော် ခံစားမိလို့ပါ။”


မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က သူ့ရဲ့ ခရီးစဉ်အတွင်း စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်ထောင်နဲ့ တွေ့ဆုံရာ မှာလည်း အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့က မြန်မာနိုင်ငံအပေါ် ရှုမြင်ပုံတွေ ကို အပြန်အလှန် ပြောဆိုခဲ့ကြတယ်လို့လည်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန် ပြောဆို လိုက်ပါတယ်။ နောက်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံမှုတွေကို ထိန်းသိမ်းသွားဖို့နဲ့ စစ်အစိုးရက ကမကထလုပ် ကျင်းပပေးမယ့် ၂၀၁၀ရွေးကောက်ပွဲတွေ နောက်ပိုင်းမှာလည်း ဒီလို ဆောင်ရွက်သွားဖို့ အရေးပါလှတဲ့ အကြောင်းတွေကို လည်း ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူတွေကတော့ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖိနှိပ်မှုတွေအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ စစ်အစိုးရအပေါ် ဒီလို ရင်းရင်းနှီးနှီး ဆက်ဆံတာမျိုးကို မလိုလားကြပါဘူး။

“မြန်မာစစ်အစိုးရဟာ တရားဝင် အစိုးရတရပ်မဟုတ်တာကြောင့် စင်္ကာပူ အစိုးရအနေနဲ့ တရားဝင် ဆက်နွယ်မှုတွေ ရှိနေ တာဟာ သူတို့လုပ်ရပ်ကို လက်ခံပြီး ဂုဏ်ပြုတာမျိုးလုပ်မယ့်အစား ကန့်ကွက်တာမျိုး လုပ်ရမှာပါ” လို့ တက်ကြွလှုပ်ရှားသူ ရှေ့နေ မစ္စတာ ချီရာတေးလေ ပြောသွားတာပါ။

အခု စင်္ကာပူ ခရီးစဉ်မတိုင်မီ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့စဉ် သမ္မတ ဆူစီလို ဘန်ဘန်း ယူရိုယူနိုနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီမှာတုန်းကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံကနေ ထွက်ပြေးလာတယ်ဆိုတဲ့ ရိုဟင်ဂျာ အရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG